သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီ ဗုံးကြဲလို့ ယီမင် သူပုန် တပ်ဦး မကျိုး


ယီမင်နိုင်ငံကဟူသီသူပုန်တွေအပေါ် ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တွေ လေကြောင်း ထိုးစစ်ဆင်။ (ဧပြီ ၈၊ ၂၀၁၅)
ယီမင်နိုင်ငံကဟူသီသူပုန်တွေအပေါ် ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တွေ လေကြောင်း ထိုးစစ်ဆင်။ (ဧပြီ ၈၊ ၂၀၁၅)

ယီမင်နိုင်ငံက ဟူသီသူပုန်တွေအပေါ် ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တွေရဲ့ သီတင်း ၂ ပတ်ကြာ လေကြောင်းထိုးစစ်တွေဟာ နိုင်ငံတဝှမ်းမှာ သူပုန်တွေ ရှေ့ဆက် တက်မလာနိုင်အောင်တော့ ဟန့်မတားနိုင်ခဲ့ပါဘူး။ ရှီယာသူပုန်တွေနဲ့ မဟာမိတ် တပ်ဖွဲ့တွေဟာ ဧဒင်မြို့ အချက်အခြာနေရာတွေနဲ့ ယီမင်နိုင်ငံ အရှေ့တောင်ပိုင်းက ဆွန်နီမူဆင်အများစုရှိရာ ဒေသတွေကို ကြာသပတေးနေ့အထိ ဆက်လက် ထိုးစစ်ဆင်ခဲ့ကြတာပါ။

ဆော်ဒီမဟာမိတ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး အာမက် အယ်လ် အစ်စရီ (Ahmed al-Asiri) ကတော့ သူပုန်တွေ ရှေ့တက်လာနေတယ် ဆိုတဲ့ ပြောဆိုမှုတွေ ကို ကြာသပတေးနေ့ကပဲ ပယ်ချလိုက်သလို၊ ကွဲထွက်နေတဲ့ တပ်စုလေးတွေလောက် ကသာ ရှေ့တိုးလာတာဖြစ်ပြီး၊ ဒီအုပ်စုတွေကိုလည်း သုတ်သင်ပစ်နိုင်တယ် လို့ ပြောဆိုခဲ့ပါတယ်။ သူပုန်အုပ်စုတွေကြား ဆက်သွယ်ရေးတွေ ကိုလည်း ဖြတ်တောက် ထားတယ်လို့လည်း ဆိုပါတယ်။

ဟူသီသူပုန်တွေဟာ လူနေရပ်ကွက်တွေမှာ လက်နက်တွေကို ဝှက်ထားတယ်လို့ စွပ်စွဲခဲ့ပြီး - ဒီလက်နက်တွေကို ဖျက်ဆီးပစ်မယ်လို့လည်း သတိပေးခဲ့ပါတယ်။
ဆော်ဒီဦးဆောင်တဲ့ တပ်ဖွဲ့တွေဟာ ကြာသပတေးနေ့က - ဆာနာ (Sana’a) မြို့တော်တဝိုက်က သူပုန်တွေရှိရာ နေရာတွေကို အဆက်မပြတ် လေကြောင်းကနေ တိုက်ခိုက်နေပြီး၊ ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အဦးကိုလည်း ဗုံးကြဲခဲ့တယ်လို့လည်း ပြင်သစ်သတင်းအေဂျင်စီက ဖော်ပြခဲ့တာပါ။

အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) ကတော့ - ဆော်ဒီရဲ့ဗုံးကျဲတိုက်ခိုက်မှုဟာ လူမျိုးတုန်း သတ်ဖြတ်မှုလို့ ပြောဆိုလိုက်ပြီး၊ ရာဇဝတ်မှုဆန်တဲ့ လုပ်ရပ်ကို ရပ်တန့်ဖို့လည်း သတိပေးခဲ့ပါတယ်။ ဟူသီသူပုန်တွေကို ကျောထောက်နောက်ခံပေးထားတယ်လို့ ယုံကြည်ထားကြတဲ့ အီရန်နိုင်ငံကတော့ ယီမင်ရေပိုင်နက်နားကို စစ်သင်္ဘောတွေ စေလွှတ် ထားတယ်လို့လည်း ပြောဆိုထားတာပါ။

XS
SM
MD
LG