သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက် တိုက်ဖျက်ရေး ၃၄ နိုင်ငံ ညွန့်ပေါင်းဖွဲ့


ဆော်ဒီအာရေဗီးယားစစ်တပ် စစ်ရေးပြစဉ်။ (စက်တင်ဘာ ၁၇၊ ၂၀၁၅)
ဆော်ဒီအာရေဗီးယားစစ်တပ် စစ်ရေးပြစဉ်။ (စက်တင်ဘာ ၁၇၊ ၂၀၁၅)

အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် အစ္စလာမ် စစ်ရေးမဟာမိတ်အဖွဲ့လို့ အမည်ပေးထားတဲ့ နိုင်ငံပေါင်း ၃၄ နိုင်ငံ ပါဝင်မယ့် ညွန့်ပေါင်းအဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ကြောင်း ဆော်ဒီအာရေဗီးယား နိုင်ငံက ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။

နိုင်ငံပိုင် Saudi Press အေဂျင်စီက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာတော့ အစီအစဉ်သစ်မှာ စစ်ဆင်ရေးတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ Riyadh မြို့တော်မှာ ကွပ်ကဲရေးဌာနထားရှိရေး ကိစ္စလည်း ထည့်သွင်းထားတဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။

အကြမ်းဖက်ဝါဒဟာ လူ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေ၊ အထူးသဖြင့် အသက်ရှင်နေထိုင်ခွင့်နဲ့ ဘေးကင်းလုံခြုံစွာနေထိုင်ခွင့်တွေကို အပြင်းအထန် ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်သလို၊ ဖောက်ပြန်တဲ့လုပ်ရပ်ဖြစ်တဲ့ အကြမ်းဖက်ဝါဒကို ဘယ်လိုအကြောင်းနဲ့မှ ကျုးလွန်ခွင့် မရှိဘူးလို့လည်း ကြေညာချက်က ဖော်ပြခဲ့တာပါ။

ဆော်ဒီနိုင်ငံရဲ့ အိမ်ရှေ့စံမင်းသား၊ ကာကွယ်ရေးဝန်ကြီး Mohammed bin Salman ကတော့ အကြမ်းဖက်အုပ်စု တခုတည်းအပေါ်မှာသာ အာရုံစိုက် ဖြေရှင်းမှာမဟုတ်ဘူးလို့လည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေမှာ IS စစ်သွေးကြွတွေရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရသလို၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာရှဒေသတွေမှာလည်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ဖို့ လိုအပ်နေတာကြောင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့လည်း ပြောဆိုခဲ့တာပါ။

မဟာမိတ် အဖွဲ့သစ်မှာတော့ ဂျော်ဒန်၊ ဘာရိန်း၊ တူရကီ၊ အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE) တို့လို ဆီးရီးယားက IS စစ်သွေးကြွတွေကို လေကြောင်းက တိုက်ခိုက်နေတဲ့ အမေရိကန်က ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့မှာ ပူးပေါင်းပါဝင်နေကြတဲ့ အာရပ်နိုင်ငံတွေ ပါဝင်ကြပါတယ်။

ကျန်နိုင်ငံတွေထဲမှာတော့ အရှေ့အလယ်ပိုင်းက Tunisia, Lebanon, Libya, Egypt အာရှတိုက်က Pakistan, Bangladesh, Malaysia နဲ့ အာဖရိကတိုက်က Sudan, Somalia, Mali နဲ့ Nigeria နိုင်ငံတွေလည်း ပါဝင်ကြပါတယ်။

XS
SM
MD
LG