မူဆလင်တွေ အထွတ်အမြတ်ထားရာ မက္ကာမြို့မှာရှိတဲ့ အကြီးဆုံးဗလီဝတ်ကျောင်းမှာ မျက်နှာကျက်ကနေ ဝန်ချီစက်ကြီးတခု ရုတ်တရက်ကြီး ပြုတ်ကျခဲ့တာကြောင့် အနည်းဆုံး လူ ၈၇ ဦး သေဆုံးပြီး ၁၈၇ ဦး ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆော်ဒီတာဝန်ရှိသူတွေ က ပြောဆိုခဲ့ပါတယ်။
လူမှုကွန်ယက် အင်တာနက်စာမျက်နှာတွေပေါ်က ဓာတ်ပုံတွေမှာတော့ - သွေးစွန်းနေတဲ့ ဘုရားဖူးတွေနဲ့ ပြုတ်ကျခဲ့တဲ့ ဝန်ချီစက်အစိတ်အပိုင်းက အကျိုးအပဲ့ အပျက်အစီးပုံတွေကို တွေ့ရပါတယ်။
ဗလီဝတ်ကျောင်းတော်မှာရှိတဲ့ အသံဖမ်းအင်ဂျင်နီယာ Mohammed Tahir ကတော့ - ဝန်ချီစက် အမြင့်ကနေ ပြုတ်ကျရတာဟာ ရာသီဥတုကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဗွီအိုအေ အူရဒူဌာနကို ပြောဆိုခဲ့ပါတယ်။ လေပြင်းနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းနေပြီး၊ လေပြင်းကြောင့် ဝန်ချီစက်အလေးချိန် မညီမမျှ ဖြစ်ခဲ့ရတာလို့လည်း သူကပြောပါတယ်။
ဟိုဘက်ဒီဘက် အနံ မီတာ ၃၀၀ ကနေ ၄၀၀ နီးပါးရှိတဲ့ ဝန်ချီစက်ကြီး ဂရန်းဗလီဝတ်ကျောင်းရဲ့ အတွင်းပိုင်းကို ပြုတ်ကျချိန်မှာ ဘုရားဖူးတွေက ဗလီထဲမှာ စက်ဝိုင်းပုံ လှည့်ပတ်ပြီး ဘာသာရေးစာတွေ ရွတ်ဖတ်နေကြတဲ့ အချိန် ဖြစ်တာကြောင့် သေဆုံးဒဏ်ရာတွေ ရရှိခဲ့ကြတာလည်း ဖြစ်ပါတယ်ရှင်။