သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငါးမြစ်ချင်းပို့ကုန် ဆော်ဒီဆိုင်းငံ့မှုကြောင့် မြန်မာ့ငါးလုပ်ငန်း အထိနာ


ရန်ကုန်မြို့ ဈေးတခုမြင်ကွင်း။ နိုဝင်ဘာ ၁၁၊ ၂၀၁၅။
ရန်ကုန်မြို့ ဈေးတခုမြင်ကွင်း။ နိုဝင်ဘာ ၁၁၊ ၂၀၁၅။

မြန်မာနိုင်ငံကငါးတင်ပို့မှုကို အရှေ့အလယ်ပိုင်းဒေသက ဆော်ဒီအာရေဗျနိုင်ငံက ဒီနှစ် ဆန်းက စပြီး ရပ်ဆိုင်း ထားတဲ့အတွက် ပြည်တွင်းဈေးကွက်မှာ ရိုက်ခတ်လာနေကြောင်း ငါးလုပ်ငန်းရှင်တွေက ပြောပါတယ်။ နှစ်စဉ် ဒေါ်လာသန်း ၄၀ လောက် ဝင်ငွေရနေတဲ့ လုပ်ငန်းမှာ ကျဆင်းမှုတွေ ကြုံလာရတဲ့အတွက် တိုင်းပြည်စီးပွားရေးကိုပါ ထိခိုက်လာနိုင် ကြောင်းလည်း ငါးမွေးမြူရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက အဓိကငါးတင်ပို့ပေးနေတဲ့ ဆော်ဒီအာရေဗျနိုင်ငံက အခုနှစ် ဧပြီလကစပြီး အဝယ် ရပ်လိုက်တာ ကြောင့် အခုအခါ ပြည်တွင်းဈေးကွက်ကိုသာ အားထားနေကြရ တာ ပါ။ ငါးမြစ်ချင်းတွေ အဓိက တင်ပို့နေတဲ့ ဆော်ဒီနိုင်ငံက အဝယ်ရပ်ထားတဲ့အတွက် ဈေးနှုန်းတွေ တောက်လျှောက်ကျဆင်းနေတာကို သက်သာရာရ စေဖို့ အခြားပြည်ပ ဈေးကွက်တွေ ရှာဖွေနိုင်အောင် တာဝန်ရှိသူတွေအနေနဲ့ ဆောင်ရွက်ပေးဖို့ လိုနေတယ်လို့ လည်း မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းအေးက ပြောပါတယ်။

“ပြည်တွင်းဈေးကွက်ပဲ အဓိကမှီခိုနေရတာပေါ့။ အိတ်စပို့က တော်တော်လေးကို ကျသွား တယ်။ အိတ်စပို့က ဈေးကွက်က အမှာစာသိပ်မရဘူး။ ဈေးတွေက အရမ်း ထိုးဆင်းသွား တာပေါ့။ အရမ်းတော်တော်ကျသွားတာ ပေါ့ နော်။ ဘာဖြစ်လို့လဲဆိုတော့ market choice အတော်လေးနည်းသွားတော့ ရှိတဲ့ market က ဈေးမပေးတဲ့ သဘောရှိတာပေါ့။ အခု ဆိုရင် ဘင်္ဂလားဒေရှ့်ဘက်ကိုတော့ ကားတွေနဲ့ နယ်စပ်ကနေသွားနေတာတော့ ရှိတာ ပေါ့။ ကျန်တဲ့နိုင်ငံတွေ UAE နိုင်ငံတွေလည်း သွားတော့သွားတယ်။ ဒါပေမဲ့ ဈေးက အရင် တုန်းထက်စာရင် အရမ်းကျသွားတယ်။ မွေးတဲ့သမားတွေမှာတော့ ဈေးနည်းတဲ့ အတွက် အကျိုးအမြတ်မရှိဘူး ဖြစ်နေတာပေါ့ နော်။ ဒါပေမဲ့ local ကတစ်ခုကံကောင်းတာ ငါးမြစ်ချင်း စားသုံးအား များပါတယ်”

ဗီယက်နမ်နိုင်ငံက ရေထွက်ကုန်တင်ပို့နေတဲ့ စက်ရုံ ၂၄ ရုံကို ဆော်ဒီနိုင်ငံက ဝင်ရောက် စစ်ဆေးပြီးခဲ့ပြီး ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ စံချိန်စံညွှန်းတွေ မကိုက်ညီတဲ့အတွက် ငါးတင်သွင်းမှု ရပ်ဆိုင်းလိုက်ပြီးနောက်ပိုင်း မြန်မာ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေရှ့်် နိုင်ငံတွေပါ တစ်ဆက်တည်း ရပ်ဆိုင်းထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းရှင်များအသင်းရဲ့ ထုတ်ပြန်ချက်အရ ပြည်ပကို နှစ်စဉ်ငါးတန်ချိန် ၆ သောင်းတင်ပို့နေပြီး ဒီ အထဲက ၂ သောင်းကိုတော့ ဆော်ဒီနိုင်ငံကို တင်ပို့နေပြီး အမေရိ ကန်ဒေါ်လာ သန်း ၄၀ လောက် ဝင်ငွေရ နေ တာပါ။ အခုအခါမှာတော့ ရုရှာနိုင်ငံက မြန်မာ့ ငါးမြစ်ချင်းကို ဝယ်ယူဖို့ ကမ်းလှမ်းထားပေမဲ့ အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်ဖို့ လိုနေကြောင်း ဦးထွန်းအေးက ဆက်ပြောပါတယ်။

“ရုရှားလည်း market ကြီးတာပဲ၊ ဒါပေမဲ့ ရုရှားကိုတင်ပို့ဖို့ကို G to G ပေါ့။ ဌာနဆိုင်ရာချင်း သဘောတူညီချက် အခုအချိန်ထိ မရှိသေးတဲ့အတွက် ရုရှားကိုတင်လို့မရသေးဘူး။ အမေရိ ကန်ကျတော့ သူ့ရဲ့ FDA Law နဲ့ ညီ ညွှတ်တယ်ဆိုရင် ပို့ခွင့်ပေးတယ်။ အခု နိုင်ငံရေး အရ ဆိုရင် အမေရိကန်က sanction လွှတ်ထားတယ်။ Europe ကလည်း sanction လွှတ် ထားတယ်ဆိုတော့ Europe တို့ American တို့ကိုပို့ခွင့်ရှိတယ်ပေါ့။ ရုရှားကတော့ အခု အချိန်အထိသူတို့နဲ့သေချာမလုပ်ရသေးတဲ့ အပိုင်းတွေရှိ တာပေါ့။ ဒါလည်း private sector က လုပ်လို့ မရဘူး။ government ကပဲလုပ်ရမယ့်အလုပ်တွေပေါ့။ government G to G ချိတ်မှပဲ သူတို့ဆီက လာစစ် မှာပေါ့”

မြန်မာနိုင်ငံ ငါးလုပ်ငန်းဖွံ့ဖြိုးဖို့ ဥရောပသမဂ္ဂ EUနဲ့ ဂျာမနီ စီးပွားရေး ပူးပေါင်းဆောင်ရွက် ရေးနှင့် ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း GIZ ပူးပေါင်းပြီး ငါးနှစ်စီမံကိန်းအတွက် ယူရို ၂၂.၅ သန်း ကူညီဖို့လည်း လုပ်ဆောင်နေပါတယ်။

ရေချိုငါးမွေးမြူရေးလုပ်ငန်းရဲ့ ၉၀ ရာခိုင်နှုန်းက ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းဒေသကြီး က ဖြစ်ပြီး ၂၅ % ကို အလုပ်အကိုင် ဖန်တီးပေးထားတယ်လို့ အစိုးရဌာနဆိုင်ရာ အချက်အလက်တွေမှာဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG