သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီကို ငါးပြန်လည်တင်ပို့နိုင်ဖို့ အစိုးရဖြေရှင်းပေးသင့်တယ်လို့ ငါးလုပ်ငန်းအဖွဲ့ တိုက်တွန်း


ငွေဆောင်ကမ်းခြေက ရေလုပ်ငန်းမြင်ကွင်း
ငွေဆောင်ကမ်းခြေက ရေလုပ်ငန်းမြင်ကွင်း

မြန်မာနိုင်ငံကနေ ဆော်ဒီ အာရေးဗီးယား နိုင်ငံကို ငါးမြစ်ချင်းနဲ့ ရေထွက်ကုန်တင်ပို့တာ ငါးလကျော် ရပ်နားထား ရတာကြောင့် ရေထွက်ကုန်တင်ပို့လုပ်ငန်းကျဆင်းနေပြီး ဒီကိစ္စကို အစိုးရအနေနဲ့ ဖြေရှင်းပေးသင့်ကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။ တနှစ်ကို နိုင်ငံခြားဝင်ငွေ ဒေါ်လာသန်း ၄၀ လောက်ရနေတဲ့ ပို့ကုန်လုပ်ငန်း ဖြစ်တာကြောင့် အစိုးရဘက်က ဆော်ဒီအာရေးဗီးယားနိုင်ငံကို ကုန်သွယ်ရေး အဖွဲ့ တရားဝင်စေလွှတ် ညှိနှိုင်းဖို့ သူက တိုက်တွန်းတာပါ။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် တင်ပြပေးထားပါတယ်။

ဗီယက်နမ်ကရေထွက်ကုန်တင်ပို့နေတဲ့စက်ရုံ ၂၄ ရုံကို ဆော်ဒီအာရေးဗီးယား နိုင်ငံက ဒီနှစ်ဆန်း ပိုင်းမှာ စစ်ဆေးခဲ့ပြီး ကျန်းမာရေးနဲ့ပတ်သတ်တဲ့ စံချိန်စံညွှန်းတွေမပြည့်မီလို့ ငါးဝယ်ယူတာကို ရပ်ဆိုင်းရင်း မြန်မာ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်က ရေထွက်ကုန်တင်ပို့တာကိုပါ တဆက်တည်း ပိတ်လိုက်တာဖြစ်ပါတယ်။

မြန်မာ့ငါးမြစ်ချင်းကို ဆော်ဒီနိုင်ငံကို အများဆုံးတင်ပို့နေတာဖြစ်ပြီး အခုနှစ်မေလ ၁ ရက်ကစ ရပ်ဆိုင်းထားတာကြောင့် ပြည်တွင်း ဈေးကွက်ကိုပဲ အဓိက မှီခိုနေရပါတယ်။ ဒါကိုအစိုးရအနေနဲ့ ကုန်သွယ်ရေး သဘောတူညီမှု ပြန်ရရှိအောင် ဆောင်ရွက်ပေးသင့်တယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ တိုးနန္ဒာတင်က ပြောပါတယ်။

“ဒီ ဗီယက်နမ်တို့ အခြားသုံးနိုင်ငံက သူတို့ကတခါတည်း Trade Mission တွေသွား၊ သွားပြီးတဲ့ အခါကျလို့ရှိရင် သူတို့ဆီမှာ စစ်ဆေးခံဖို့ လုပ်တဲ့အခါကျတော့ အခုအဲဒီသုံးနိုင်ငံက အဆင်ပြေတော့ မယ့် သဘောမျိုးရှိနေတယ်။ အဲဒီတော့ အခြားနိုင်ငံတွေက အဲဒီလိုလုပ်ပေးတဲ့အခါကျတော့ သူတို့က Ban ကနေလွတ်ဖို့ အနေအထားမျိုးေ ရာက်သွားပြီပေါ့နော်။ ဒါပေမဲ့ ကျမတို့က ဘာမှမလုပ်ဘဲနဲ့ စာပဲ ပို့နေတဲ့ အတွက်ကြောင့် ဒီနေ့အထိလည်း ကျမတို့နိုင်ငံကို လာမစစ်သေးဘူး။ ဒါ ကျမတို့က ပုဂ္ဂလိက ဖြစ်တဲ့ အတွက်သူတို့ကို direct ဆက်သွယ်လို့မရဘူး ဆိုပြီး သူတို့ဆီက စာပြန်ပါတယ်။ ကျွန်မတို့ဘက်ကနေ ခုနကဟာလုပ်ဖို့ဆိုရင် Trade Mission သည်မဖြစ်မနေ သွားရမယ့် သဘောမျိုး။ ဘာလို့ဆိုရင် ပဲကိစ္စတုန်းကလည်း သွားတယ်လေ။ အဲဒီတော့ ပုဂ္ဂလိကအနေနဲ့ လုပ်လို့ မရတာ ဆိုရင် ခုနကပြောသလို government သည ်ဦးဆောင်ပြီး ဒါကိုလုပ်ရမှာပေါ့နော်။”

မြန်မာနိုင်ငံငါးလုပ်ငန်းရှင်များအသင်းထုတ်ပြန်ချက်အရဆိုရင် နှစ်စဉ် ပြည်ပကိုငါးတန်ချိန် ၆ သောင်း တင်ပို့နေပါတယ်။ အဲဒီအထဲက တန်ချိန် ၂ သောင်းကို ဆော်ဒီနိုင်ငံကိုတင်ပို့ပြီး ကန်ဒေါ်လာ သန်း ၄၀ လောက် ဝင်ငွေရနေပါတယ်။

လောလောဆေယ် ဗီယက်နမ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်က ကုန်သွယ်ရေးအဖွဲ့တွေ စေလွှတ်ပြီး ဆော်ဒီအာရေး ဗီးယား နိုင်ငံနဲ့ ညှိနှိုင်းတာမှာ အဆင်ပြေမယ့်အခြေအနေ ရှိနေတာကြောင့် မြန်မာ အစိုးရအနေနဲ့လည်း အလားတူ ဝင်ရောက်ညှိနှိုင်းပေးသင့်တယ်လို့ ဒေါက်တာတိုးနန္ဒာတင်က ပြောပါတယ်။

မြန်မာနိုင်ငံက ရေထွက်ကုန်တွေကို ရုရှားကိုတင်ပို့နိုင်ဖို့ အစိုးရချင်းဆွေးနွေးနေတာလည်းရှိပါတယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက မြန်မာ့ရေထွက်ကုန်ကို ပြန်ပြီးခွင့်ပြုထားလို့ သူတို့ FDA ဥပဒေနဲ့ ကိုက်ညီမယ်ဆိုရင် တင်ပို့နိုင်တယ်လို့ဆိုပါတယ်။ မြန်မာ့ငါးလုပ်ငန်းဖွံ့ဖြိုးဖို့ ဥရောပသမဂ္ဂ EU နဲ့ ဂျာမနီစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း GIZ ပူးပေါင်းပြီး ငါးနှစ်စီမံကိန်း အတွက် ယူရို ၂၂.၅ သန်း ကူညီဖို့လည်း လုပ်ဆောင်နေတဲ့အကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ စာရင်းတွေအရ သိရပါတယ်ခင်ဗျား။

XS
SM
MD
LG