သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေနံထုတ်လုပ်မှု ရပ်ထားဖို့ ရေနံထုတ် ၄ နိုင်ငံ သဘောတူ


ဆော်ဒီက ရေနံလုပ်ငန်း တခု
ဆော်ဒီက ရေနံလုပ်ငန်း တခု

ဈေးကွက်လိုအပ်ချက်ထက် ရေနံ ပိုလျှံနေတာကို ဖြေရှင်းတဲ့ အနေနဲ့ ရေနံထုတ်လုပ်မှုကို ရပ်ဆိုင်းထားဖို့ ကမ္ဘာ့ရေနံ ထုတ်လုပ်မှု အများဆုံး နိုင်ငံတွေထဲက နိုင်ငံ ၄ ခုတို့ သဘောတူလိုက်ကြပြီ ဖြစ်ပါတယ်။

ရုရှား၊ ဆော်ဒီအာရေးဗျ၊ ဗင်နီဇွဲလားနဲ့ ကာတာနိုင်ငံတို့က ရေနံလုပ်ငန်းဆိုင်ရာ ဝန်ကြီးတွေရဲ့ ဒီကနေ့ အင်္ဂါနေ့ ကာတာနိုင်ငံ ဒိုဟာမြို့တော်မှာ တံခါးပိတ် ဆွေးနွေးပွဲမှာ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

ဇန်နဝါရီလ အတွင်း ရေနံထုတ်လုပ်မှုက ဈေးကွက်အတွင်း လုံလောက်မှု ရှိနေတယ်လို့ ဆော်ဒီအာရေးဗျ ရေနံလုပ်ငန်းဆိုင်ရာ ဝန်ကြီး Ali al-Naimi က ပြောဆိုထားတာပါ။ လေးနိုင်ငံတို့ အနေနဲ့ ဇန်နဝါရီလ အတွင်း ရေနံထုတ်လုပ်မှု အဆင့်မှာဘဲ ရပ်ထားမှာ ဖြစ်ပါတယ်။

အခု ဆွေးနွေးပွဲကတော့ ရေနံတင်ပို့တဲ့ နိုင်ငံများ အဖွဲ့ OPEC အဖွဲ့ဝင်တွေ အပါအဝင် ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေ အနေနဲ့ ၁၉ လကြာ ရေနံဈေးကျမှုကို အဆုံးသတ်နိုင်ဖို့ အတွက် ရေနံထုတ်လုပ်မှုကို အလုံအလောက် လျှော့ချဖို့ နောက်ဆုံးမှာ သဘောတူကြမယ်ဆိုတဲ့ အချက်ကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

ရေနံဈေးနှုန်းကတော့ ဆယ်စုနှစ် တခုကျော် အတွင်း ပထမဆုံး အကြိမ်အဖြစ် ရေနံတစည်ကို ဒေါ်လာ ၃၀ အောက် အထိ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်တွေ အပြင် ရေနံ ဝယ်လိုအားပါ ကျဆင်းလာမှုကြောင့် ရုရှား၊ ဆော်ဒီအာရေးဗျ နဲ့ ဗင်နီဇွဲလား အစိုးရတွေရဲ့ ဝင်ငွေ လျော့ကျခဲ့တာပါ။

ဒီကနေ့ အင်္ဂါနေ့မှာ ရေနံထုတ်လုပ်မှု ဖြတ်တောက်မယ့် သဘောတူညီချက် တခု ထွက်ပေါ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရေနံဈေးနှုန်းဟာ တစည်ကို ၃၅ ဒေါ်လာဈေးထိ တက်ခဲ့ပါတယ်။ ဒါပေမယ့် ရေနံ ထုတ်လုပ်မှု ရပ်ဆိုင်းမယ့် ကြေညာချက် ထွက်ပေါ်လာပြီးနောက်မှာတော့ ရေနံတစည်ကို ၃၄ ဒေါ်လာအောက် ဈေးကျသွားခဲ့ပါတယ်။ အရေးယူ လုပ်ဆောင်မှုတွေ မလုပ်ဆောင်ခင်မှာတော့ ရေနံ တစည်ကို အနည်းဆုံး ဒေါ်လာ ၂၀ လောက် အထိ ဈေးကျသွားနိုင်တယ်လို့ ဈေးကွက်လေ့လာသူတွေက ခန့်မှန်းထားပါတယ်။

XS
SM
MD
LG