သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက်ကို သတ်ဖြတ်မှုပီပြင်သော်လည်း အမေရိကန် ဆော်ဒီနဲ့ ဆက်ဆံဆဲ


 အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin

တူရကီနိုင်ငံ အီစတန်ဘူမြို့ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း ဆော်ဒီသတင်းထောက် Jamal Khashoggi ကို သတ်ဖြတ်လိုက်တာနဲ့ပတ်သက်လို့ အထောက်အထားတွေ ပိုမိုရရှိနေပေမယ့်လည်း ဒီလနှောင်းပိုင်း ဆော်ဒီနိုင်ငံမှာ ကျင်းပမယ့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညီလာခံကို စီစဉ်ထားတဲ့အတိုင်း သူ့အနေနဲ့ တက်ရောက်မယ့်အကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin ကမနေ့က ပြောကြားခဲ့ပါတယ်။

CNBC ရုပ်သံသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဝန်ကြီး Mnuchin က သတင်းထောက်အသတ်ခံ ရမှုအတွက် သတင်းအချက်အလက်တွေ ပိုပြီးရရှိလာမယ်ဆိုရင် အမေရိကန်အစိုးရအနေနဲ့ အဲဒီ အထောက်အထားတွေကို အလေးထားကြည့်ရှုမှာဖြစ်ပေမယ့်လည်း ဆော်ဒီမှာကျင်းပမယ့် ဆွေးနွေးပွဲကိုတက်ရောက်မယ့် သူ့အစီအစဉ်ကိုတော့ ဖျက်သိမ်းဖို့ မရှိဘူးလို့ ဆိုပါတယ်။

အလားတူ နယူးရောက် Wall Street က ထိပ်တန်းဘဏ်လုပ်ငန်းရှင်တွေလည်း ဆော်ဒီနိုင်ငံ Riyadh မှာကျင်းပမယ့် အနာဂတ်ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဦးဆောင်မှု ညီလာခံကို တက်ရောက်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ညီလာခံတက်ရောက်မယ့် အစီအစဉ်ကို ဖျက်သိမ်းတဲ့ နိုင်ငံတကာ ထိပ်တန်းသတင်းမီဒီယာ ကုမ္ပဏီတွေ၊ စီးပွားရေးကုမ္ပဏီတွေရဲ့ အကြီးအကဲတွေ အရေအတွက် တိုးလာနေပါတယ်။ ဒါအပြင် ဆော်ဒီနိုင်ငနဲ့ ပူးတွဲလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြတ်တောက်မှုတွေလည်း ရှိလာနေပါတယ်။ ဗြိတိန်နိုင်ငံက ဘီလီယံနာသူဌေး Richard Branson ဆိုရင်လည်း သူရဲ့ Virgin Group ကုမ္ပဏီ အနေနဲ့ ဆော်ဒီနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တာကို အဆုံးသတ်ဖို့ရှိကြောင်း သောကြာနေ့က ပြောဆိုခဲ့ပါတယ်။

နောက်နာမည်ကြီး ကုမ္ပဏီတွေဖြစ်တဲ့ AOL ၊ Uber ၊ Viacom စတာတွေရဲ့ အကြီးအကဲတွေလည်း ဆော်ဒီမှာ ပြုလုပ်မယ့် ရင်းနှီးမြှုပ်နှံမှု ညီလာခံကို တက်ရောက်မှာ မဟုတ်ဘူးလို့ အသီးသီးကြေညာခဲ့ကြပါတယ်။

CNBC ကရုပ်သံသတင်းကြေညာသူလည်းဖြစ် New York Times သတင်းစာရဲ့ စီးပွားရေးဆိုင်ရာ သတင်းသမားလည်းဖြစ်တဲ့ Andre Ross Sorkin ကလည်း ဆော်ဒီသတင်းထောက် Jamal Khashoggi ပျောက်ဆုံးမှုမှာ သူအသတ်ခံရတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ သူ့အနေနဲ့ အလွန်ပဲ တုန်လှုပ်မိပြီး ညီလာခံကို တက်ဖို့ အစီအစဉ် ဖျက်သိမ်းလိုက်တယ်လို့ သူရဲ့ twitter မှာ မနေ့က ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG