သုံးရလွယ်ကူစေသည့် Link များ

ဆော်ဒီမှာ အမျိုးသမီးတွေ ပထမဆုံး မဲပေးခွင့်ရ


ဆော်ဒီအာရေဗျမှာ အမျိုးသမီးတွေ မဲပေးခွင့်ရ။ (ဒီဇင်ဘာ ၁၂၊ ၂၀၁၅)

Saudi Arabia နိုင်ငံမှာ ပထမဆုံး အကြိမ် အမျိုးသမီးတွေ ပါဝင်တဲ့ဒေသန္တရ ကောင်စီ ရွေးကောက်ပွဲတွေ ကို ကျင်းပနေကြပါပြီ။ ဒီရွေးကောက်ပွဲမှာ ပထမဆုံး အမျိုးသမီး ကိုယ်စားလှယ်တွေ ဝင်အရွေးခံခွင့်ရသလို
ပထမဆုံး အမျိုးသမီးတွေ မဲပေးနိုင်ကြတာဖြစ်ပါတယ်။ ဒီကနေ့ စနေနေ့ မနက် ၈နာရီ မဲရုံ စဖွင့်ချိန်က စလို့ အမျိုးသမီးတွေရော အမျိုးသားတွေပါ မဲရုံတွေမှာ မဲပေးနေကြပါတယ်။

January လမှာ ကွယ်လွန်သွားခဲ့တဲ့ Saudi ဘုရင်ကြီး Abdullah က နောက် မြူနီစပယ်ကောင်စီရွေးကောက်ပွဲတွေ ကျရင် အမျိုးသမီးတွေ ပါဝင်နိုင်ခွင့် အမိန့်ကို ၂၀၁၁ ခုနှစ်မှာ ထုတ်ပြန်ခဲ့ တာဖြစ် ပါတယ်။ အခုလို အမျိုးသမီးတွေ ပါဝင်လာနိုင်တယ်ဆိုပေမဲ့ ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်ပါတယ်။

အမျိုးသမီး၊ အမျိုးသားခွဲခြားထားတဲ့ ဥပဒေတွေကြောင့် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ ဟာ ကြားမှာ အကာအရံမပါဘဲ အမျိုးသား မဲဆန္ဒရှင်တွေကို တိုက်ရိုက် မဲဆွယ် မိန့်ခွန်းပြောလို့ မရပါဘူး။ အမျိုးသားဆွေမျိုးသားချင်းတွေကနေ တဆင့် မဲဆွယ်မှုတွေ လုပ်ကြရပါတယ်။

ဒါပေမဲ့ အခုလို တိုင်းပြည်ရဲ့ နိုင်ငံရေးနဲ့ လူမှုရေးကိစ္စတွေမှာ အမျိုးသမီးတွေ ကိုယ်စားပြု ပါဝင်နိုင်မယ့် အခွင့်အလမ်းကို စောင့်ခဲ့ရတာ ၁၀နှစ်လောက် ရှိပြီလို့ မြူနီစပယ်ကောင်စီ ကိုယ်စားလှယ်လောင်းအမျိုးသမီး တယောက်က ပြောပါတယ်။

အခုရွေးကောက်ပွဲမှာ အမျိုးသမီးတွေလဲ မဲပေးနိုင်ကြပေမဲ့ မဲစာရင်းပေး ရမယ့်နေရာတွေ ဝေးလံတာ၊ ရှာဖို့ ခက်ခဲတာတွေကြောင့် မဲပေးဖို့ မှတ်ပုံတင်တဲ့နေရာမှာ အခက်အခဲတွေ တွေ့ကြတယ်လို့ Human Rights Watch လူ့အခွင့်အရေး အဖွဲ့ကြီးက ပြောပါတယ်။ Saudi Arabia နိုင်ငံမှာ အမျိုးသမီးတွေ ကားမောင်းခွင့်လဲ မရှိပါဘူး။

XS
SM
MD
LG