သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း ကျောင်းမတက်နိုင်တဲ့ကလေး နှစ်နှစ်အတွင်း နှစ်ဆကျော် တိုးလာ


ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်တွင်းက မူလတန်းကျောင်းတကောျင်း။ (ယခင်မှတ်တမ်းဓာတ်ပုံ)  
ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်တွင်းက မူလတန်းကျောင်းတကောျင်း။ (ယခင်မှတ်တမ်းဓာတ်ပုံ)  

[[Zawgyi/Unicode]]

ကပ်ရောဂါနဲ့ လုံခြုံမှုမရှိတော့တဲ့အခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာ ကျောင်းမတက်နိုင်တဲ့ ကလေးအရေအတွက်က ၂ နှစ်အတွင်းမှာ နှစ်ဆကျော် လောက် တိုးလာတယ်လို့ Save the Children က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက ကလေးတွေကို ကျောင်းပို့ဖို့ တိုက်တွန်းနှိုးဆော်နေပေမယ့် စီးပွားရေးနဲ့ မတည်ငြိမ်မှုတွေကြောင့် မိဘတွေဘက်က ပညာရေးကို ဦးစားမပေးနိုင်ကြောင်း ကလေးသူငယ်အခွင့်အရေး လုပ်ဆောင်နေသူတွေနဲ့ မိဘတွေက ပြောပါတယ်။ ရန်ကုန် ကပေးပို့တဲ့ ဒီသတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

Save the Children အဖွဲ့ရဲ့ ဇွန်လ ၁ ရက်နေ့ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံရဲ့ တချို့ဒေသတွေမှာ ကျောင်းအပ်နှံတဲ့ ကလေးအရေအတွက်က ၂ နှစ်အတွင်းမှာ ၈၀ ရာခိုင်နှုန်းလောက် ကျသွားတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ကျောင်းမတက်တဲ့ ကလေးအရေအတွက်က အနည်းဆုံး ၇.၈ သန်းလောက် ရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကပ်ရောဂါစခဲ့တဲ့ ၂၀၂၀ ခုနှစ် အစောပိုင်းကတည်းက တကမ္ဘာလုံးက ကျောင်းတွေပိတ်ခဲ့ရပြီး မြန်မာနိုင်ငံမှာလည်း ၁၅ လလောက် ကျောင်းတွေ ပိတ်ထားရပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာလည်း စာသင်ကျောင်း အများအပြားကို ဆက် ပိတ်ထားရပါတယ်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် စာသင် ကြားတဲ့အရွယ်တွေကို ကျောင်းပို့ရမှာဖြစ်ပေမယ့် မတည်ငြိမ်တဲ့ ဒေသတွေမှာတော့ ကလေးရဲ့အသက်အန္တရာယ်နဲ့ ပညာရေး ဒီနှစ်ခုကိုရွေးချယ်ရခက်ခဲကြောင်း တနင်္သာရီတိုင်းက မိဘတဦးက ဗွီအိုအေကို ပြောပါတယ်။

"အသက်အန္တရာယ်နဲ့ ယှဉ်လာတဲ့အခါကျတော့ တခါပြန်သုံးသပ်ရပြန်ရော။ အသက်တော့ အသေမခံနိုင်ဘူး၊ စာမတတ်တာပဲ ခံပါ့မယ်ပုံစံမျိုး။ ဘယ်လိုပဲပြောပြော ကျောင်းပို့ဖို့ကတော့ ခက်သွားပြန်ရော။ အဲဒီတော့ မြန်မာပြည်မှာ ဖြစ်နေတာက မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲမှာ တိုင်းနဲ့ပြည်နယ်အလိုက် ခွဲပြောရင်တော့ ကျောင်းတက်လို့ရနေတဲ့ နေရာတွေရှိသလို ကျောင်းတက်လို့ အဆင်မပြေတဲ့ နေရာတွေကလည်း ရှိနေတယ်။ အဲဒီအပေါ်မှာမူတည်ပြီး ဆုံးဖြတ်ရမှာပေါ့။ တနင်္သာရီတိုင်းအနေနဲ့ ဆိုရင်တော့ အခြေအနေက တော်တော်လေးဆိုးတယ်။ ကျောင်းထားဖို့ ကျောင်းပို့ဖို့က တော်တော်ခက်ခဲတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရတယ်။"

ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ ပြည်တွင်း Save the Children ရုံးဘက်ကတော့ ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် မြန်မာပြည်ရဲ့လတ်တလော အခြေအနေတွေကြောင့် မဖြေကြားနိုင်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုပြီးတဲ့နောက် ဆန္ဒပြမှုတွေနဲ့ CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေမှာ ပညာရေးဝန်ထမ်းတွေ၊ ဆရာဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေ အတော်ပါဝင်ခဲ့တာပါ။ အခုထိလည်း စစ်ကောင်စီဖွင့်တဲ့ကျောင်းတွေ မလုပ်ကြဖို့ ကျောင်းမတက် ကြဖို့ လှုံ့ဆော်မှုတွေကရှိနေပါတယ်။

ဧရာဝတီတိုင်းမှာတော့ ဒီရက်ပိုင်းအတွင်း ကောက်ယူထားတဲ့ စာရင်းအရဆိုရင် မနှစ်ကထက် အခု ၂၀၂၂ မှာ ကျောင်းအပ်နှုန်းက ပိုများလာတယ်လို့ ဧရာဝတီတိုင်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီက ဦးအောင်ဇော်ဦးက ဗွီအိုအေကို ပြောပါတယ်။

"နောက်ဆက်တွဲ ကြားထဲကကလေးတွေတင် နစ်နာရုံတင်မဟုတ်ဘူး... ဒီကလေးတွေက အချိန်တန် လုပ်ငန်းခွင်ကိုဝင်ရတဲ့အခါကျ သူတို့ရဲ့ အသက်တွေက over ဖြစ်နိုင်ခြေ ရှိသွားတာပေါ့။ နစ်နာချက်တွေ ရှိသွားတာပေါ့။ အပ်ကြပါတယ်။ ဒါပေမယ့် စိုးရိမ်ပူပန်မှု ကြားထဲကပဲ ကလေးတွေရဲ့အခွင့်အရေး မဆုံးရှုံးရအောင်လို့ ကျောင်းအပ်နေကြတာ တွေ့ရတယ်။"

စစ်ကောင်စီကတော့ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်မှာ ကျောင်းအပ်နှံသူဦးရေ ၅၂ သိန်းကျော်ရှိပြီလို့ အခြေခံပညာဦးစီးဌာနက လာတဲ့စာရင်းကို ကိုးကားပြီး မေလ ၃၁ ရက်က ထုတ်ပြန်ပါတယ်။ ကျောင်းလာအပ်တဲ့ ကျောင်းသားနဲ့ မိဘတွေအတွက် လုံခြုံရေးကိုလည်း ဆောင်ရွက်ပေးထားတယ်လို့ ပြောပါတယ်။

မြန်မာ့လူဦးရေ ၅၃.၈၉ သန်းရဲ့ ၂၅ ရာခိုင်နှုန်းက အသက် ၁၄ နှစ်အောက် ကလေးတွေဖြစ်လို့ သူတို့က တနိုင်ငံလုံးလူဦးရေရဲ့ ၁၃.၅ သန်းရှိနေပါတယ်။ ကလေးထက်ဝက်လောက်က ကျောင်းမတက်နိုင်ဘူးဆိုရင် ဒါဟာ ကလေး ၇.၈ သန်းလောက်ရှိတယ်လို့ Save the Children ကပြောပါတယ်။ ၁၄ နှစ်အထက်တွေလည်း ကျောင်းမှာရှိချင်မှ ရှိလိမ့်မယ်လို့ Save the Children က ခန့်မှန်းထားတာပါ။

၂၀၂၁ ခုနှစ်ကနေ အခုနှစ် ဧပြီလအထိ ကျောင်းပေါင်းအနည်းဆုံး ၂၆၀ လောက် တိုက်ခိုက်ခံရပြီး တကယ့်အရေအတွက်က ဒီထက်ပိုများနိုင်တယ်လို့ Save the Children ကပြောပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်တဲ့ PDF အဖွဲ့က စာသင်ကျောင်းတွေကို တိုက်ခိုက်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။

မြန်မာနိုင်ငံက ကလေးတွေရဲ့ အနာဂတ်အတွက် အရေးတကြီး လုပ်ဆောင် ပေးဖို့ လိုနေပြီလို့ Save the Children က ကုလလုံခြုံရေးကောင်စီနဲ့ အာဆီယံအဖွဲ့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

တိုက်ရိုက် လင့်ခ်

==========

[[Unicode]]














==========

XS
SM
MD
LG