သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာရေးဆရာ သားဂျာနယ်ကျော် ကင်ဆာရောဂါနဲ့ ကွယ်လွန်


စာရေးဆရာ၊ သတင်းစာဆရာကြီးတွေ ဖြစ်တဲ့ ဂျာနယ်ကျော် ဦးချစ်မောင်နဲ့ ဂျာနယ်ကျော် မမလေးတို့ရဲ့ သားငယ် ဆရာ မိုးဟိန်း (သားဂျာနယ်ကျော်) ဟာ လည်ချောင်းကင်ဆာ ရောဂါနဲ့ ဒီနေ့မနက် ကွယ်လွန်သွားပါတယ်။ ဆရာမိုးဟိန်းရဲ့ နာရေးနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုဂျေက တင်ပြပေးထာပါတယ်။

ကဗျာဆရာ၊ စာရေးဆရာ မိုးဟိန်း (သားဂျာနယ်ကျော်) ၆၈ နှစ်၊ စက်တင်ဘာ ၂၃ ရက် မနက် ၉ နာရီက ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးခန်းမှာ ကွယ်လွန်သွားပါတယ်။ လွန်ခဲ့တဲ့နှစ် မေလကတည်းက ခံစားနေရတဲ့ လည်ချောင်းကင်ဆာ ရောဂါနဲ့ ကွယ်လွန်သွားတာ ဖြစ်တယ်လို့ ဆရာမိုးဟိန်းရဲ့တူ ကိုစိုးသိန်းက ဗွီအိုအေကို ပြောပါတယ်။

ကဗျာဆရာ၊ စာရေးဆရာ မိုးဟိန်း မကွယ်လွန်ခင် ကင်ဆာရောဂါနဲ့ ရင်ဆိုင်နေရတဲ့ နောက်ဆုံးအချိန် သူ့ရဲ့ ရပ်တည်ချက်၊ သူ့ရဲ့ လောကအမြင်ကိုတော့ ကိုစိုးသိန်းက အခုလို ပြောပြပါတယ်။

“အဓိကတခုကတော့ ဒီရောဂါ မဖြစ်ခင်၊ လွန်ခဲ့တဲ့ ၇ နှစ်လောက်ကတည်းက သူက ရာသက်ပန် ဥပုသ်၊ ၈ ပါးသီလနဲ့ နေတယ်။ သက်သတ်လွတ်ကတော့ စားခဲ့တာ နှစ် ၂၀ လောက် ရှိပြီပေါ့။ အဲတော့ အခု ရောဂါဖြစ်တဲ့ အချိန်ကျတော့လည်း ဘာပဲပြောပြော အားလုံးက ဝိုင်းပြီး သူ့ကို သတ်သတ်လွတ်ကလည်း စားတယ်၊ ပြီးတော့ ဥပုသ်ကြီးနဲ့ဆိုတော့ အစားအသောက် ဘာညာ မရှိရင်တော့ ခံနိုင်မှာမဟုတ်ဘူးဆိုပြီး ပြောပေမဲ့ သူက ပြတ်ပြတ်သားသားပဲ သူ့သီလကို ဒီဟာနဲ့တော့ မလဲနိုင်ဘူးပေါ့။ ဆိုတော့ နောက်ဆုံးအချိန်ထိ သူလုပ်မယ် ဆိုတဲ့ဟာကိုတော့ သူ လုပ်သွားတယ်ပေါ့။ ဒါကတော့ သူ့ရဲ့ ထူးခြားချက်ပါပဲ။”

ဆရာမိုးဟိန်းဟာ နာတာရှည် ကင်ဆာရောဂါကို ခံစားနေရပေမဲ့ ကဗျာရေး၊ စာရေး မပျက်ခဲ့ဘူးလို့ သိရပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ စာတွေ၊ ကဗျာတွေကို ရေးသွားခဲ့တဲ့ အကြောင်းကိုလည်း ဆရာမိုးဟိန်းရဲ့တူ ကိုစိုးသိန်းကပဲ ဆက်ပြောပါတယ်။

“နောက်ဆုံးရေးသွားတဲ့ ဆောင်းပါးနဲ့ ကဗျာက ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး နောက်ဆုံးရေးသွားတဲ့ ဆောင်းပါးနဲ့ ကဗျာပေါ့။ ပြီးတော့ နောက်ဆုံးထွက်ခဲ့တဲ့ စာအုပ်ကတော့ What I see, How I feel ဆိုပြီးတော့ အဲဒီမှာတော့ ဆောင်းပါးလေးတွေလည်း ပါတယ်၊ ကဗျာလေးတွေလည်း ပါတယ်။ အကုန်လုံး စုစည်းပြီး ထုတ်ထားတဲ့ဟာလေး။”

ဆရာမိုးဟိန်းကို မြန်မာစာပေ လောကသားတွေက ကဗျာဆရာ၊ စာရေးဆရာအပြင် ကဗျာတွေကို မြန်မာဘာသာကနေ အင်္ဂလိပ်ဘာသာကို ဘာသာပြန်တဲ့ နေရာမှာ ထူးချွန်ထက်မြက်တဲ့ ပညာရှင်တဦး အဖြစ်လည်း သတ်မှတ်ထားကြတာပါ။ ဆရာမိုးဟိန်းကို သားဂျာနယ်ကျော်လို့ စာပေလောကသားတွေက လေးလေးစားစား ခေါ်ဝေါ်ကြပါတယ်။ ဆရာမိုးဟိန်းဟာ ဂျာနယ်ကျော် ဦးချစ်မောင်နဲ့ ဂျာနယ်ကျော် ဒေါ်မမလေးတို့ရဲ့ အငယ်ဆုံးသားတဦး ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း သူ့ရဲ့ ဆောင်းပါးတွေ၊ ကဗျာတွေထဲမှာ သူသိမီလိုက်တဲ့ ဂျာနယ်ကျော် မိသားစုဝင်တွေရဲ့ အကြောင်း သူ့ရဲ့ ငယ်ဘ၀ ရုပ်ပုံလွှာ၊ သူ့ရဲ့ ခရီးသွား အတွေ့အကြုံတွေကို ရေးသားခဲ့ပါတယ်။

ဆရာမိုးဟိန်းဟာ အိန္ဒိယနိုင်ငံ ဒါဂျီလင်မြို့မှာ ပညာသင်ခဲ့သူ ဖြစ်ပါတယ်။ ဂျာနယ်ကျော် မိသားစုဝင် စာပေမျိုးဆက်ထဲမှာတော့ ဆရာမိုးဟိန်းနဲ့ ၂၀၀၇ ခုနှစ်က ကွယ်လွန်သွားခဲ့တဲ့ ပြင်သစ်ဘာသာပြန် ပါရဂူ ဒေါက်တာ ဒေါ်ခင်လေးမြင့်တို့ဟာ မြန်မာစာပေနယ်မှာ ထင်ရှားတဲ့ စာပေမောင်နှမ ၂ ဦးပါ။

တော်လှန်ရေးကောင်စီ လက်ထက်က ဆရာမိုးဟိန်းဟာ မိခင် ဂျာနယ်ကျော် မမလေးနဲ့အတူ နှစ်ရှည် ထောင်ကျခဲ့ဖူးသူ ဖြစ်ပါတယ်။

ဆရာမိုးဟိန်းဟာ ရန်ကုန် အင်ဒိုနီးရှားသံရုံး စီးပွားရေးရာဌာနမှာ အရာရှိဘဝနဲ့ ၁၀ နှစ်ကျော် အမှုထမ်းခဲ့သလို တဘက်ကလည်း ကဗျာတွေ၊ ဆောင်းပါးတွေကို မြန်မာဘာသာနဲ့ရော အင်္ဂလိပ်ဘာသာနဲ့ပါ ရေးသားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး အလုပ်ကထွက်ကာ မြန်မာစာပေနယ်ထဲမှာ စာပေရေးသားတာကို ဇောက်ချ လုပ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံက ချီးမြှင့်တဲ့ ကဗျာဆုကိုလည်း ရရှိခဲ့ပါတယ်။

စာရေးဆရာ၊ ကဗျာဆရာ မိုးဟိန်းရဲ့ ရုပ်ကလာပ်ကို စနေနေ့ နံနက် ၁၁ နာရီမှာ ရေဝေးသုသာန်မှာ သဂြုႋဟ်မယ်လို့ သိရပါတယ်။ ကွယ်လွန်ချိန်မှာ ဇနီး၊ သားတဦးနဲ့ သမီးတဦး ကျန်ရစ်ခဲ့ကြောင်း သိရပါတယ်။

XS
SM
MD
LG