သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနင်္သာရီဒေသ ကာကွယ်ရေးအဖွဲ့တွေပေါင်းပြီး တောင်ပိုင်းညီနောင်တပ်ပေါင်းစု ဖွဲ့စည်း


တောင်ပိုင်းညီနောင်တပ်ပေါင်းစု- Southern Brothers Army(SBA) စစ်ကြောင်း (နိုဝင်ဘာ ၂၉၊ ၂၀၂၃/ ဓာတ်ပုံ-SBA)
တောင်ပိုင်းညီနောင်တပ်ပေါင်းစု- Southern Brothers Army(SBA) စစ်ကြောင်း (နိုဝင်ဘာ ၂၉၊ ၂၀၂၃/ ဓာတ်ပုံ-SBA)

မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းမှာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက စစ်ကောင်စီနဲ့အပြင်းအထန်တိုက်ပွဲတွေဖြစ်နေချိန်မှာ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး တောင်ပိုင်းညီနောင်တပ်ပေါင်းစု- Southern Brothers Army(SBA) စစ်ကြောင်းကို ဖွဲ့စည်းလိုက်တယ်လို့ နိုဝင်ဘာလ ၂၈ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

တနင်္သာရီမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး တောင်ပိုင်းညီနောင်တပ်ပေါင်းစု- Southern Brothers Army(SBA) စစ်ကြောင်းကို နိုဝင်ဘာ ၂၅ ရက်နေ့က ဖွဲ့စည်းခဲ့တာပါ။ ဒီထဲမှာ တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်တွေကို အတူလက်တွဲတိုက်နေတဲ့ စစ်ကြောင်း ၃ ခုပါဝင်တယ်လို့ Southern Brothers Army (SBA)စစ်ကြောင်းက ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းညီက အခုလိုပြောပါတယ်။

“နိုဝင်ဘာလ ၂၅ ရက်နေ့က စဖွဲ့ပါတယ်။ ဒီထဲမှာတော့ ကော်သူးလေအာမီ (KTLA)- ထီးစမယ်ယွာတပ်ရင်း တပ်ခွဲ(၃)၊ ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းနဲ့ People Liberation Army(PLA)တို့ တနင်္သာရီစစ်ဒေသတို့ သုံးဖွဲ့ပေါင်းပြီး ဖွဲ့စည်းလိုက်တာပါ။”

ဖွဲ့စည်းရတဲ့ရည်ရွယ်နဲ့ပတ်သက်ပြီးတော့လည်း ကိုစိုင်းညီက အခုလိုပြောပါတယ်။

“စစ်ကြောင်းဖွဲ့စည်းရတဲ့အဓိက ရည်ရွယ်ချက်ကတော့ အခုလက်ရှိမြေပြင်မှာ ပြန့်ကျဲနေတဲ့တော်လှန်ရေးအင်အားစုတွေကို တစုတစည်းတည်းဖြစ်ပြီးတော့ ယုံကြည်မှု ပိုမိုခိုင်မာလာအောင်ရယ်၊ စည်းလုံးမှုပိုပြီး ရလာအောင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ပေါ်ပေါက်လာဖို့ အားသာဖို့အတွက်ဆိုပြီး ကျနော်တို့ ညီနောင်မဟာမိတ်သုံးဖွဲ့ပေါင်းပြီး ဖွဲ့စည်းဖြစ်ခဲ့တာပါ။”

တနင်္သာရီတိုင်းအတွင်းမှာ သူတို့စိုးမိုးထိန်းချုပ်ထားတဲ့နယ်မြေတွေရှိတဲ့အကြောင်းကိုလည်း ပြောပါတယ်။

“ဒီစစ်ကြောင်းမဖွဲ့ခင် ကော်သူလေးအာမီက နယ်စပ်မှာ ထုံခါ၊ မိုးထောင်လမ်းပိုင်းကတော့ ကျနော်တို့ မနှစ် နွေရာသီကတည်းက ထိန်းချုပ်ထားတဲ့နယ်မြေတွေဖြစ်ပါတယ်။ တနင်္သာရီထဲကနယ်မြေတွေပေါ့။”

တောင်ပိုင်းညီနောင်တပ်ပေါင်းစုအနေနဲ့ စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ဒေသတွင်းက မဟာမိတ်အဖွဲ့အစည်းတွေနဲ့ လက်တွဲသွားမှာဖြစ်တယ်လို့ တောင်ပိုင်းတပ်ပေါင်းစုက ပြောဆိုသွားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG