သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်လိုင်စင် ရုပ်သိမ်းမှု ပညာရှင်တွေ သတိနှင့်ကြိုဆို


မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနိုင်ငံခြားသုံးငွေတွေ လက်ခံကိုင်ဆောင်ခွင့်လိုင်စင် ရုပ်သိမ်းလိုက်ခြင်းအပေါ် ဗဟိုဘဏ်ကအကောင်းဆုံး ဆောင်ရွက်မှု ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်အချို့နဲ့ပညာရှင်တွေက သုံးသပ်ပေမယ့်စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ ရုပ်သိမ်းမှုမှာ ရလဒ်ကောင်း ထွက်ပေါ်ဖို့ ရက်ကာလတိုးပေးသင့်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မေခကသတင်းပေးပို့ထားပါတယ်။

မြန်မာ့ငွေကြေးတန်ဖိုးတက်လာဖို့၊ ဒေါ်လာသုံးစွဲမှုလျော့လာဖို့နဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်မဖြစ်လာနိုင်ဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေတွေလက်ခံကိုင်ဆောင်ခွင့်လိုင်စင်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ရုပ်သိမ်းခဲ့ပါတယ်။ ဒီလို ရုပ်သိမ်းမှု အပေါ် အခုလို စီးပွားရေးလုပ်ငန်းရှင်အချို့နဲ့ပညာရှင်တွေက သုံးသပ်လိုက်တာပါ။ စီးပွားရေးလေ့လာသုံးသပ်သူ ဦးစိန်ကျော်လှိုင်က ခုလို သုံးသပ်လိုက်ပါတယ်။

“ဒီကိစ္စက ဗဟိုဘဏ်ကနေပြီးတော့မှ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ပညာရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့တိုင်ပင်ပြီးတော့မှလုပ်တဲ့ကိစ္စလို့ ကျနော် ယုံကြည်တယ်။ အဲလိုဖြစ်တဲ့အတွက် တိုင်းပြည်စီးပွားရေး ကမောက်ကမဖြစ်မယ်လို့ ပြောခြင်းဟာ ဘာမှ အဓိပ္ပာယ်မရှိဘူးလို့ ကျနော် ထင်တယ်။ ရလဒ်က ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှမသိသေးဘူး။ မိမိရဲ့သက်ဆိုင်ရာ local currency တက်လာအောင် လုပ်ပေးတဲ့ သဘောဖြစ်တဲ့အတွက် ထိုက်သင့်တဲ့ ကောင်းကျိုးတော့ ရရှိလာလိမ့်မယ်လို့ ကျနော်ယုံကြည်တယ်။ သို့သော် တဘက်က စီးပွားရေးအခြေခံ အချက်အလက်တွေ၊ ကုန်သွယ်ရေးလိုငွေပြမှုတို့၊ ဘဏ္ဍာရေးလိုငွေပြမှုတို့များနေတဲ့နိုင်ငံတစ်ခုမှာ ဘယ်လိုဖြစ်လာမယ်ဆိုတာ ဒေါင့်စုံ စဉ်းစားရမယ့် ပြဿနာတွေရှိတယ်။”

ဗဟိုဘဏ် ထုတ်ပြန်ချက်အရ အစိုးရနဲ့ပုဂ္ဂလိက လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေ၊ ဟိုတယ်နဲ့ ခရီးလှည့်လည်ရေး လုပ်ငန်းတွေ၊ စားသောက် ဆိုင်တွေ၊ Duty Free Shop တွေ၊ လေကြောင်းလိုင်းတွေ၊ ဆေးရုံတွေ၊ ဆက်သွယ်ရေး လုပ်ငန်းတွေ၊-အချိုရည်နဲ့ ယမကာ၊ အမြန်ချောပို့၊ ပိုးသတ်ဆေးဖျန်း၊ မီဒီယာ အခန်းတွေ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် စသောလုပ်ငန်းတွေ ယွန်းထည်၊ ပိုးထည်၊ အမှတ်တရပစ္စည်း အရောင်းဆိုင်၊ စူပါမားကတ်၊ ဂေါက်သီး ကလပ်တွေနဲ့ နာရေးကူညီမှုလုပ်ငန်း စတဲ့လုပ်ငန်းတွေမှာ နိုင်ငံခြားသုံးငွေတွေ လက်ခံ ကိုင်ဆောင်ခွင့် မရှိတော့ပါဘူး။ လိုင်စင်တွေကို အောက်တိုဘာ ၁၉ ရက် ကစတင်ကာ ရုပ်သိမ်းနေပြီဖြစ်ပါတယ်။ ဒီလိုင်စင်တွေကို နိုဝင်ဘာ ၃၀ နောက်ဆုံး ထားပြီး လိုင်စင်တွေကို ပြန်လည်အပ်နှံရမယ် လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။ ကမ္ဗောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်ကတော့ လုပ်ဆောင်သင့်တဲ့လုပ်ငန်းဖြစ်ပေမယ့် ဒီထက်ပိုပြီး အချိန်ယူ သင့်တယ်လို့ သုံးသပ်ပါတယ်။ Ruby Land ခရီးသွားလုပ်ငန်း ပိုင်ရှင် ဦးအေးကျော်ကလည်း အခုလိုသုံးသပ်ပါတယ်။

“ကမ္ဘာပေါ်မှာရှိတဲ့အစိုးရတွေအားလုံးက မိမိနိုင်ငံမှာရှိတဲ့ငွေကြေးကိုပဲ အဓိက တန်ဖိုးထားတာပဲ။ အဲလိုအခါမျိုးကျ အခက်အခဲဖြစ်ပါတယ် ဆိုတော့ ဘာခက်ခဲလဲလို့ ကျနော် မစဉ်းစားတတ်တော့ဘူး။ ငွေကြေးလဲလှယ်နှုန်းက အချိန်နဲ့အခါ floading ဖြစ်နေတဲ့အတွက် သိပ်မဟုတ်တော့ဘူး။ ဒါ အပြောင်းအလဲဖြစ်မှာပဲ။ စီးပွားရေးလုပ်တယ်ဆိုတာက တသမတ်တည်း အမြတ်တွေချည့် ရချင်နေလို့လည်း မရဘူး။ နောက်တစ်ချက်၊ ဒါက နိုင်ငံတကာမှာ ကျင့်သုံးနေတာပဲ။ ဗမာနိုင်ငံက ထူးခြားပြီးတော့ ထိခိုက်မယ် ဘာညာ ဆိုတာ မှားနေတာလေ။”

စီးပွားရေး ပညာရှင် ဒေါက်တာခင်မောင်ညို (ဘောဂဗေဓ) ကတော့ ဗဟိုဘဏ်လုပ်ဆောင်မှု အပေါ်မှာ ခုလိုသုံးသပ်ပါတယ်။

“အမှန်ကတော့ ဒေါ်လာသုံးစွဲမှု တွင်ကျယ်တဲ့ဟာက မကောင်းဘူး။ အဲဒါကတော့ …ရမှာပဲ။ မူအားဖြင့် မှန်ပါတယ်။ ဆရာတို့က အသွင်ကူးပြောင်းတဲ့ အခါမှာ ဘယ်လောက် အချိန်ယူမလဲ၊ ဘယ်လောက်ချောမွေ့မလဲ အဲဒါကတော့ မသေချာဘူး။ တချို့လူတွေပြောသလို ကမောက်ကမဖြစ်လိမ့်မယ်လို့တော့ ဆရာမယူဆဘူး။ သို့သော်လည်း ကသီလင်တနိုင်တဲ့ဟာလေးတွေကတော့ ရေတိုမှာရှိနိုင်တယ်။ ဒီလို လုပ်တဲ့အတွက် ဒေါ်လာဈေးတွေ ချက်ချင်း လက်ငင်းကြီး ကျသွားမယ်လို့ ဆရာကတော့ မယုံကြည်ဘူး။ ကုန်သွယ်ရေးမှာ တောက်လျှောက် လိုငွေပြနေမယ်။ ကုန်သွယ်ရေးလိုငွေတွေပြနေတာနဲ့ တခြားနေရာကနေပြီးတော့ မပါသေးနိုင်သေးသမျှက တက်မယ်။ ဗမာငွေကကျမယ်။”

Central ဟိုတယ်လုပ်ငန်းရှင် ဦးတင်ဝင်းကတော့ နိုင်ငံခြားသုံးငွေတွေ လက်ခံ ကိုင်ဆောင်ခွင့်လိုင်စင်ရုပ်သိမ်းမှုကြောင့် ဟိုတယ်တွေမှာ ရုတ်တရက် ကြုံတွေ့ရတဲ့အခက်အခဲကို ခုလိုပြောပါတယ်။

“ကျနော်တို့က ဒီငွေကိုမကိုင်နဲ့ဆိုတော့ ….လိုက်လုပ်ရမယ့်သဘောဖြစ်နေတော့ လက်ထဲရှိတဲ့ငွေတွေကို ဘယ်လို လုပ်မလဲ၊ ဘယ်လိုလဲမှာလဲ။ မလဲဘူး ဆိုရင် ဝန်ထမ်းနိုင်ငံခြားသားက - ဒီ Information တွေက မပြန့်သေးဘူးလေ။ ဘယ်သူမှလည်း မသိသေးတော့ ငွေသားက ဘယ်လို လက်ခံရမှာလဲ၊ လက်မခံရဘူးလား။ ပြန်လွှတ်ရမှာလား ဆိုတဲ့အခက်အခဲတော့ တော်တော်များပါတယ်။ အဲဒီထဲမှာလည်း …….။ အခုအတိုင်းဆိုရင်တော့ တော်တော် ခက်ခဲတယ်။”

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ထုတ်ပြန်ထားချက်အရ မြန်မာလက်ရှိ စီးပွားရေး ကျဆင်းစေမှုတွေမှာ ဒေါ်လာတန်ဖိုး အားကောင်း လာခြင်းကလည်း အချက်တချက် အနေနဲ့ပါဝင်နေကြောင်း ထောက်ပြထားတာရှိပါတယ်။ လက်ရှိမြန်မာ့ငွေကြေး ဖောင်းပွမှုနှုန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လ အထိ ၁၀ ရာခိုင်နှုန်းနီးပါး ရှိခဲ့တယ်လို့ ကမ္ဘာ့ဘဏ် ကလည်းထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။

XS
SM
MD
LG