{{Zawgyi/Unicode}}
နိုင်ငံတဝှမ်း အခြေခံပညာကျောင်းတွေကို ဇွန်လ ၁ ရက်နေ့ပြန်ဖွင့်ဖို့ စစ်ကောင်စီကကြိုးစားနေတဲ့ အချိန်မှာပဲ ကျောင်းတွေမှာ ဗုံးပေါက်ကွဲတာ၊ မီးလောင်တာတွေဖြစ်နေပါတယ်။ ဒီကနေ့မှာလည်း နေရာအတော်များများက ကျောင်းတွေ၊ ကျောင်းနဲ့နီးတဲ့ နေရာတစ်ချို့တွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာ ပြောပြပါမယ်။
စာသင်ကျောင်းတွေကို ပြန်ဖွင့်နိုင်ဖို့ စစ်ကောင်စီက ကြိုးစားနေချိန်မှာပဲ နိုင်ငံတစ်ဝန်းက ကျောင်းတွေမှာ ဗုံးပေါက်ကွဲမှုနဲ့ မီးလောင်မှုတွေ နေ့စဉ်ဖြစ်နေပါတယ်။ မနေ့ညကနဲ့ ဒီကနေ့ မနက်မှာ ဖလမ်းက ကျောင်း ၂ ကျောင်းမှာ ဗုံးပေါက်ပြီး ဒီနေ့ မနက် ၂ နာရီဝန်းကျင်လောက်မှာ အင်းတော်မြို့နယ်က အလယ်တန်းကျောင်းတကျောင်းမီးလောင်ခဲ့ပါတယ်။
ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား အခုရက်ပိုင်းအတွင်း တိုက်ခိုက်မှုတွေရှိသလို ဒေသခံကာကွယ်ရေးအဖွဲ့တချို့က အုပ်ချုပ်ရေးပိုင်းကို ပစ်ခတ်ထားတိုက်ခိုက်တာတွေ ရှိနေပေမယ့်၊ အခုလို ကျောင်းတွေ ဗုံးကွဲတာ မီးလောင်တာတွေနဲ့ပတ်သက်ပြီး ဘယ်သူလုပ်သလဲဆိုတာ ထုတ်ဖော်ပြောဆိုတာမျိုး မတွေ့ရသေးပါဘူး။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာလည်း စစ်ကောင်စီက ကျောင်းတွေ ပြန်ဖွင့်ဖို့ ကြိုးစားကတည်းက ကျောင်းတွေမှာ ဗုံးပေါက်တာတွေ ရက်ဆက်ဆိုသလို ဖြစ်နေပါတယ်။ မနေ့က တာဟန်းက အမှတ် ၁၃ ကျောင်းမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ဆည်တော်ဦးကျေးရွာက ကျောင်းတကျောင်းမှာ ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။
“မနေ့က ကျတော့ တာဟန်းက အမှတ် ၁၃ ကျောင်းမှာ ကွဲတယ်။ နောက်ပြီး မနေ့က ကွဲတာက ဆည်တော်ဦးရွာ ကလေးမြို့နဲ့ ၃၊ ၄ မိုင်လောက်ဝေးတယ် အဲ့မှာ ရွာကလူတွေ ပြောတာတော့ ကျောင်းခြံစည်းရိုးနားမှာ ဗုံး ၂ လုံးကွဲတယ်ပေါ့နှော်။ ဘာမှ ထိခိုက်ဒဏ်ရာ ရတာတွေတော့ မရှိဘူးပေါ့။ ညကလည်း မြို့ထဲမှာပေါ့၊ နေရာကတော့ အတိအကျစုံစမ်းလို့မရဘူး။ ည ၁၀ နာရီခွဲ နောက်ပိုင်းမှာ ဗုံးနှစ်လုံး ရှေ့ဆင့်နောက်ဆင့်ကွဲတယ်။ အသံတော့ ကြားတာပေါ့၊ ခုစုံစမ်းနေတာ ဘယ်နားကဆိုတာကို မသိရသေးဘူး။ ည ၁၀ နာရီခွဲ မြို့ပေါ်မှာ ကွဲတာပေါ့။ ထိခိုက် ဒဏ်ရာရတာတော့ မကြားဘူး။ ဒါပေမယ့် လူတစ်ယောက်တော့ ဖမ်းသွားတယ်ပေါ့။”
မနေ့က ကလေးမြို့နယ် တင်သားရွာမှာလည်း သတင်းပေး ဒလန်ဆိုသူ အိမ်မှာ ဗုံးပေါက်ကွဲခဲ့ပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုဖြစ်တဲ့ အိမ်က စစ်ကောင်စီတပ်တွေကို တိုင်ကြားတဲ့အတွက် စစ်ကား ၇ စီးနဲ့ စစ်သားနဲ့ ရဲတွေ ရောက်လာပြီး ပြည်သူ ၂၀ ဝန်းကျင်လောက်ကို ရွာထဲမှာ ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ခဲ့ပြီး ပြန်လွတ်ပေးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းက ရွေပြည်သာမြို့နယ်က မူလတန်းကျောင်းအနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အဲ့ဒီကျောင်းအနီးမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ထဲက လူတွေကို စစ်ကောင်စီတပ်တွေက ရှာဖွေစစ်ဆေးမှုတွေ လုပ်ခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်လို့ လူငယ်တဦးသေဆုံးခဲ့ပါတယ်။
“ရွေပြည်သာ မြို့ဝင်ဝနားက ရွေကောင်းကြွယ် လက်ဖက်ရည်ဆိုင်နားမှာ ပေါက်တာဗုံးက ပေါက်ပြီး ချက်ချင်းမှာ စစ်ကားတွေ ရောက်လာတယ်၊ခုတော့ အဲ့ဆိုင်က ပိတ်ထားတယ်။ အဲ့မှာ ၂၄ နှစ် အရွယ်ကောင်လေးက အဲ့ဆိုင်မှာ ထိုင်နေတာ ပေါက်လဲပေါက်ရော သူက ဆိုင်ကယ်နဲ့ ပြေးတာပေါ့။ အဲ့မှာ သူ့ကို ရောယောင်ပြီးတော့ ပစ်သတ်လိုက်တယ်။ အဲ့မှာ တစ်ယောက်သေတယ်။ ပြီးတော့ သူတို့ အလောင်းကို ယူသွားတယ်။”
ကချင်ပြည်နယ် ဖားကန့်မှာလည်း ဒီကနေ့မနက်က ကျောင်းတစ်ကျောင်းမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှု ဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေက ဖားကန့်နဲ့ အနီးတဝိုက် ရွောတစ်ချို့အထိ လှည့်လည်စောင့်ကြည့်မှုတွေ ရှိနေပေမယ့် အဖမ်းအဆီးတော့ မရှိသေးဘူးလို့ ဖားကန့်မြို့ လုံးခင်းက ဒေသခံတစ်ဦးက ပြောပါတယ်။
“အလယ်တန်းလွန်ပေါ့နှော်၊ လယ်လွန်ကျောင်းပေါ့။ ဒီနေ့ မနက်ပေါက်တာ၊ လောလောဆယ်တော့ အထိအခိုက်တော့ ကျွန်တော်တို့ မကြားမိသေးဘူးဗျ။ ခါတိုင်း မြို့နယ်ရုံးတို့ ဘာတို့မှာဖြစ်ရင်လည်း ထိခိုက်တာတွေ သိပ်တော့ မကြားရဘူး၊ ခုကတော့ အသံမိုင်းကတော့ များတာပေါ့။ ဒီမနက် အဲ့လိုဖြစ်တော့ တစ်ချို့နေရာတွေမှာတော့(စစ်သားနဲ့ ရဲ) တော်တော်လေးတော့ တွေ့ရတယ်။ ဖားကန့်ဖက်မှာဆိုလို့ရှိရင် ရဲဝတ်စုံတွေ စစ်ဝတ်စုံတွေနဲ့ စောင့်နေတာ၊ ကျောက်ဝိုင်းနားမှာ စောင့်နေတာတို့၊ လုံးခင်းဆိုရင် ရပ်ကွက် ၁ တို့ ၊ လုံးခင်း အနောက်ဖက်က ဆီဆိုင် တစ်ဝိုက်မှာရော စစ်တာတော့ တွေ့တာပေါ့၊ ဒီနေ့ ဗုံးပေါက်ကွဲတဲ့ အနေအထားမှာတော့။ အဲ့လိုတော့ ရှိပါတယ် ဒါက ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ပေါ့နှော်”
ဒီကနေ့ ညနေ ၃ နာရီဝန်းကျင်လောက်မှာ မူဆယ်မြို့က စသုံးလုံးရုံး၊ ပညာရေးမှုးရုံးနဲ့ ဆေးရုံရှေ့တွေမှာ ဗုံးသုံးလုံး ပေါက်ကွဲခဲ့ပါတယ်။ လတ်တလောမှာအထိအခိုက်ဘယ်လောက်ရှိသလဲ မသိရသေးပေမယ့် အဲ့ဒီပေါက်ကွဲတဲ့ နေရာတွေနဲ့ မနီးမဝေးမှာရှိနေတဲ့ ဖုန်းဆိုင်မှာ ဖုန်းကာဗာလာဝယ်သူ မိုင်းလုပ်သူဆိုသူတွေကို စစ်ကောင်စီတပ်တွေက စစ်ကား ၂ စီးနဲ့ လာဖမ်းသွားတယ်လို့ မူဆယ်ဒေသခံတစ်ဦးက ပြောပြပါတယ်။
“ဒီနေ့ မူဆယ်မှာ ဗုံးသုံးလုံးကွဲတဲ့ နေရာကတော့ စသုံးလုံးတဲ့ မြို့နယ် ပညာရေးမှုးရုံးတဲ့ ပြီးရင် ဆေးရုံရှေ့။ အထိအခိုက်တွေကတော့ မသိရသေးဘူး။ ဗုံးပေါက်တဲ့နားပေါ့၊ ဗုံးပေါက်တဲ့နားကနေ ဟိုဖက်နည်းနည်းတော့ရောက်တယ်။ ဖုန်းဆိုင်မှာ ဖုန်းကာဗာလာဝယ်တာတဲ့ အဲ့ဒီတစ်ယောက်ကို ဖမ်းသွားတယ်။ ၂ နာရီကျော် ၃ နာရီပတ်ချာလည်လောက်မှာကွဲတာ။”
မေလဆန်းပိုင်းလောက်ကစလို့ နိုင်ငံတစ်ဝန်းက စစ်ကောင်စီအောက်မှာရှိနေတဲ့ အုပ်ချုပ်ရေးမှုးရုံးတွေ၊ ကျောင်းတွေနဲ့ ရပ်ကွက်အတွင်း တစ်ချို့နေရာတွေမှာ ဗုံးပေါက်ကွဲမှုတွေ နေ့စဉ်ဖြစ်နေပါတယ်။ ပေါက်ကွဲမှုတွေကြောင့် သေဆုံးသူတွေ ရှိသလို ပေါက်ကွဲမှုကို သံသယရှိလို့ဆိုပြီး အဲ့ဒီအနီးအနားမှာ ရှိနေတဲ့ လူငယ်တွေကို ရိုက်နှက်အကြမ်းဖက် ပစ်ခတ် ဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။
.....................................
{{Unicode}}