သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခြေခံပညာကျောင်းများစတင်လက်ခံ ကျောင်းအပ်သူနည်းပါး


{{Zawgyi/Unicode}}

မြန်မာတနိုင်ငံလုံးက အခြေခံကျောင်းအားလုံး ဒီနေ့ မေလ ၂၄ ရက်ကစလို့ ကျောင်းအပ်လက်ခံနေပါတယ်။ ကိုဗစ်ရောဂါနဲ့ ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှု ဒါတွေကို စိုးရိမ်ပြီး တချို့မိဘတွေက သားသမီးတွေကို ကျောင်းပြန် မအပ်ကြတဲ့အတွက် ဒီနေ့ ထူးထူးခြားခြား ကျောင်းအပ်သူ နည်းနေပါတယ်။ ဒီနေ့ ကျောင်းစအပ်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်က ပေးပို့လာတဲ့ သတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းက ကိုသားညွန့်ဦး က ပြောပြပေးမှာပါ။

အာဏာသိမ်း အုပ်ချုပ်နေတဲ့ စစ်ကောင်စီက အခြေခံပညာကျောင်းတွေကို ဇွန်လ ၁ ရက်စဖွင့်မယ်လို့ ကြေညာထားတာနဲ့အတူ ဒီနေ့ မေလ ၂၄ ရက်နေ့မှာ ကျောင်းအပ်မှုတွေကို စတင်လက်ခံနေပါပြီ။

အရင်ကဆို ပထမဆုံး ကျောင်းအပ်တဲ့နေရမှာကို ကျောင်းတွေရှေ့မှာ ကြိတ်ကြိတ်တိုး နေပေမဲ့ ဒီနေ့မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းလာအပ်သူက သိသိသာသာ နည်းနေတာတေ့ွရပါတယ်။ ရန်ကုန်မြို့က နာမည်ကြီး ကျောင်းတွေမှာကို လာအပ်သူ နည်းနေတာပါ။ နယ်မြို့တွေမှာလည်း ကျောင်းအပ်သူ မရှိသလောက်နည်းကြောင်း ဒီကနေ့ ကျောင်းအပ်နှံမှု အခြေအနေကို စောင့်ကြည့်နေတဲ့ ပညာရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက စိုင်းနော်လင်းက ပြောပါတယ်။

“ဒီနေ့ဆိုရင် မြို့ပေါ်ကကျောင်းအများစုဆိုပေမဲ့ TTC ပေါ့နော် ။ ပြီးရင် စိန့်ဩဂတ်စတင်းတို့ အဲကျောင်းတွေမှာတော့ အပ်တာမတွေ့ဘူး။ ပြီးရင် နယ်ဘက်တွေကလည်း မအပ်ကြဘူး။ တကျောင်းကို အလွန်ဆုံး ၁၀ ယောက်ပေါ့။ ၁၀ ယောက်ထက်ပိုတဲ့ကျောင်းတော့ အခုထိ မရှိသေးဘူး။ ဒါပေမဲ့ သူတို့ စစ်တပ်ကျောင်းလို ကျောင်းတွေမှာတော့ စစ်တပ်က သားသမီးတွေ အပ်တာတော့ တွေ့တယ်။”

ကိုဗစ်ကပ်ရောဂါ ကူးစက်မှု ဆက်ရှိနေသေးသလို၊ လက်ရှိနိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ စစ်တပ်အုပ်ချုပ်နေတာကို ကန့်ကွက်တဲ့အနေနဲ့ ကျောင်းသားမိဘ အများစုက ကလေးတွေကို လောလောဆယ် ကျောင်းမထားဖို့ ဆုံးဖြတ်တာဖြစ်တယ်လို့ သူကဆိုပါတယ်။

အခုနှစ်ကျောင်းမအပ်ရင် နောင်နှစ်တွေမှာလည်း ကျောင်းအပ်ခွင့် ဆုံးရှုံးလိမ့်မယ်ဆိုတဲ့ ကောလဟလတွေလည်း ရှိနေပါတယ်။ အခုနှစ် ကျောင်းမအပ်ဖို့ ဆုံးဖြတ်ထားတဲ့ ကျောင်းသားတယောက်ရဲ့ မိခင်ကတော့ …

“သူတို့ကတော့ပြောတယ် ဒီနှစ်ပြန်မတက်ဘူးဆိုရင် နောင်နှစ်ကျရင် ကျောင်းထုတ်တာလား အဲလိုပြောတယ်။ သူတို့ရဲ့ လက်အောက်မှာတော့ ပညာမသင်နိုင်ဘူးနော်၊ ဒီမိုကရေစီ ပြန်ရလို့ရှိရင်တော့ ဒီဟာက သူတို့လုပ်တဲ့ ဥပဒေတွေက အကုန်လုံး ပျက်ပြယ်သွားမှာပဲလေ။ အဲကျရင်တော့ အကုန်လုံး ပြန်တက်လို့ ရမှာပဲ။”

ကျောင်းတွေမှာ ကိုဗစ်ရောဂါ ကာကွယ်ရေးတွေ အားနည်းတာ၊ လက်ရှိ နိုင်ငံရေးအခြေအနေ မတည်ငြိမ်သေးတာ ဒါတွေကို မိဘတွေက စိုးရိမ်နေကြောင်း အခြေခံပညာရေးလုပ်သား သမဂ္ဂများ ဗဟိုအလုပ်အမှုဆောင် ကော်မတီက ဒေါ်သက်စုလှိုင်က ပြောပါတယ်။

စစ်အုပ်ချုပ်ရေး အာဏာယူပြီးနောက်ပိုင်း လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြနေတဲ့ ကျောင်းဆရာတွေ နေရာမှာ ဝန်ထမ်းအသစ်တွေ အစားထိုးခန့်လိုက်ပေမဲ့ စာသင်ဖို့လုံလောက်တဲ့ အင်အားရှိမှာ မဟုတ်ကြောင်း သူကပြောပါတယ်။

“ကျောင်းအုပ်ကြီးရော လက်ထောက်ဆရာတယောက်ရော အပြိုင်သင်နေရတဲ့ မူလတန်းကျောင်းတွေ ရှိတယ်။ အရင် အာဏာမသိမ်းခင် အနေအထားကတည်းက ဝန်ထမ်းအင်အားက မလုံလောက်ဘူး။ နဂို မလုံလောက်တာကိုမှ CDM လုပ်လိုက်တဲ့အတွက် ပိုပြီးတော့ လျော့သွားတယ်။ အဲဒီ လျော့သွားတာကို နောက်ထုပ်အစားထိုး ခေါ်တဲ့အခါမှာ လျှောက်တဲ့သူတွေ ရှိလာတယ် ဆိုရင်တောင်မှ ဘယ်လိုမှ စံချိန်မီတဲ့ ဝန်ထမ်းအင်အားကို ရမှာမဟုတ်ဘူးပေါ့။”

ရခိုင်ပြည်နယ်မှာတော့ ဒေသလုံခြုံရေးအရ ပိတ်ထားရတဲ့ ကျောင်းပေါင်း ၂၀၀ လောက်ကလွဲလို့ ကျန်တဲ့ ကျောင်းပေါင်း ၃၀၀၀ ကျော်ကို ဖွင့်ဖို့ စီစဉ်ထားပါတယ်။ ဇွန်လ ၁ ရက် ကျောင်းဖွင့်ဖို့အတွက် အဆင်သင့်ဖြစ်နေကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံး၊ စီမံရေးရာ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်းက ပြောပါတယ်။

“ ရခိုင်ပြည်နယ်မှာရှိတဲ့ ကျောင်းပေါင်း ၃၁၉၆ ကျောင်းကို ဖွင့်လှစ်တာလေ ဒီနေ့။ ဇွန် ၁ရက်နေ့မှာ စဖွင့်မယ်၊ ဆရာ ဆရာတွေကလည်း ကျောင်းဖွင့်လှစ်ဖို့ မေ ၃ ရက်ကနေ ဒီနေ့အထိ ကျောင်းတွေရောက်ရှိတဲ့ စာရင်းအရ ပြောရမယ်ဆိုရင် ဆရာ ဆရာမတွေ အားလုံးဟာ စုံလုံးနီးပါး ရှိနေပြီ ဖြစ်ပါတယ်။”

စစ်အုပ်ချုပ်ရေးကောင်စီ ပညာရေးဝန်ကြီးဌာနရဲ့ ဒီရက်ပိုင်းအတွင်း ထုတ်ပြန်ချက်အရဆိုရင် မြန်မာတပြည်လုံးမှာ အခြေခံပညာ ကျောင်းဆရာစုစုပေါင်း ၄ သိန်းခွဲကျော် (၄၅၁၅၀၆ ယောက်) ရှိပြီး အလုပ်မဆင်းဘဲ ဆန္ဒပြနေတဲ့ ကျောင်းဆရာ အရေအတွက်ကတော့ ၁ သိန်း ၂ သောင်းကျော် (၁၂၁၄၅၅ ယောက်) ရှိတာပါ။ ရာခိုင်နှုန်းအရဆိုရင် အလုပ်မဆင်းတဲ့ ပညာရေးဝန်ထမ်း ပြည်နယ်နဲ့ တိုင်းအားလုံးပေါင်းရင် ၂၇ ရာခိုင်နှုန်း ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

..............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}














XS
SM
MD
LG