ဥရောပ အာကာသ အေဂျင်စီက စေလွှတ်ထားတဲ့ အာကာသယာဉ်ဟာ ကမ္ဘာမြေကနေ မိုင်သန်းပေါင်းများစွာ ကွာဝေးတဲ့ ကြယ်တံခွန်တခုဆီကို ဒီကနေ့ပဲ ရောက်သွားပါပြီ။ သိပ္ပံပညာရှင်တွေကတော့ ၁၀ နှစ်ကြာ ခရီးစဉ်ကနေ နေစင်္ကြာဝဠာစနစ်နဲ့ ကြယ်တံခွန်တွေ ဘယ်လိုဖြစ်ပေါ်လာသလဲ ဆိုတာကို နားလည်သဘောပေါက်နိုင်မယ့် တွေ့ရှိချက်တခု ဖြစ် လာလိမ့်မယ်လို့လည်း မျှော်လင့်နေကြတာပါ။ ဒီအကြောင်း AP သတင်းဆောင်းပါးကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။
ဥရောပ အာကာသ အေဂျင်စီရဲ့ နေရောင်ခြည် စွမ်းအင်သုံး Rosetta အာကာသယာဉ်ဟာ အာကာသဟင်းလင်းပြင်မှာ ၃၁ လကြာ ခရီးဆန့်ခဲ့ပြီးချိန်မှာတော့ နောက်ဆုံးအဆင့်အဖြစ် ကြယ်တံခွန်တခုဆီကို ချဉ်းကပ်နေပါပြီ။ 67-P Churyumov-Gerasimenko လို့ အမည်ပေးထားတဲ့ ကြယ်တံခွန်အနီးကိုတော့ သြဂုတ်လ ၆ ရက်နေ့မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။ ကြယ်တံခွန်ရဲ့ နောက်ဆုံးဓာတ်ပုံတွေကိုတော့ မိုင်ပေါင်း ၇,၅၀၀ လောက်အကွာကို ရောက်နေချိန် ဇူလိုင်လထဲမှာ အာကာသယာဉ်က ရိုက်ကူး မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ Rosetta အာကာသယာဉ်ကို တည်ဆောက်ခဲ့တဲ့ Airbus Defence and Space ရဲ့ မန်နေဂျာတဦးဖြစ်သူ Ralph Cordey ကတော့ စင်္ကြာဝဠာရဲ့ လျိူ့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ဖို့ ကြယ်တံခွန်တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါတယ်လို့ ပြောပါတယ်။
“နေစင်္ကြဝဠာစနစ်မှာ ကြယ်တံခွန်တွေဟာ အင်မတန် သက်တမ်းရင့်ကြပါတယ်။ ဒါကြောင့်လည်း နေစင်္ကြာဝဠာ ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်လို့ အချက်အလက်တွေ အများကြီး သိကောင်းသိလာရမှာပါ။ အထူးသဖြင့်၊ ရေ လို အရေးကြီးတဲ့ အပိုင်းမျိုးပါ။ ဒီကနေ့ ကမ္ဘာကြီးမှာ ရေတွေ အမြောက်အများ ရှိတယ်ဆိုတာ သိကြပေမဲ့ ဘယ်ကလာသလဲ ဆိုတာကိုတော့ မသိကြပါဘူး။ ဒီနေရာမှာ ကြယ်တံခွန်တွေနဲ့ အများကြီး ပတ်သက်နေနိုင်ပါတယ်။”
၂၀၀၄ ခုနှစ်မှာ လွှတ်တင်ခဲ့တဲ့ Rosetta အာကာသယာဉ်ဟာ မိုင်သန်းပေါင်း ၄ ထောင်လောက် ခရီးမှာ တွေ့ခဲ့ရတဲ့ Stein နဲ့ Lutetia လို့ အမည်ပေးထားတဲ့ ဥက္ကာခဲ ၂ ခုကိုလည်း မှတ်တမ်းတင်ခဲ့တာပါ။ ခရီးစဉ် တစိတ်တပိုင်းအဖြစ်နဲ့ ၂၀၁၆ ခုနှစ်မှာလည်း ကမ္ဘာပေါ်က လေစီးကြောင်းတွေကို ၃ ဘက်မြင် ပုံရိပ်တွေနဲ့ တိုင်းတာဦးမှာဖြစ်ပါတယ်။
“အရှိန်တစစ ပိုရလာတဲ့ အာကာသယာဉ်ဟာ ဂြိုဟ်တွေကိုလည်း လမ်းကြောင်းအမျိုးမျိုးနဲ့ လှည့်ပတ်ခဲ့တာပါ။ ကမ္ဘာကို ၃ ကြိမ်၊ အင်္ဂါဂြိုဟ်ကို ၁ ကြိမ်ဖြတ်ပြီး အခုနောက်ဆုံး ကြယ်တံခွန်ကို အမှီလိုက်နေပါတယ်။ ၁၀ နှစ်လောက်တော့ အချိန်ယူခဲ့ရတာပါ။ ခရီးစဉ်တလျှောက်မှာတော့ စိတ်ဝင်စားစရာတွေ တော်တော်များများလည်း တွေ့ခဲ့ရပါတယ်။”
နေရဲ့ ပြင်းထန်လှတဲ့ အပူရှိန်၊ အာကာသတွင်းက အေးခဲလှတဲ့ ရာသီဥတုဒဏ်တွေကို ခံနိုင်ရည်ရှိအောင် အာကာသယာဉ်ကို တည်ဆောက်ရတာကတော့ မလွယ်လှပါဘူး။ အာကာသယာဉ် ပုံစံထုတ် တည်ဆောက်ရာမှာ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ Airbus Defence and Space က အင်ဂျင်နီယာ Simon Barraclough ကတော့ အပူချိန်ကွာခြားချက် ကြီးမားလွန်းတာကို ခံနိုင်ဖို့ စဉ်းစားဖန်တီးရတာ အခက်ဆုံးပဲလို့ ဆိုပါတယ်။
“ကွာခြားချက်က ကြီးမားလွန်းပြီး၊ တပ်ဆင်ထားရတဲ့ ပစ္စည်းတွေကလည်း များပါတယ်။ နေနဲ့နီးလာတဲ့ အခါမျိုးမှာ ခလုပ်တွေကိုဖွင့် နေနဲ့တော်တော် ဝေးလာပြီဆိုတာနဲ့ ခလုတ်တွေကိုပိတ် လုပ်ရပါတယ်။ ဒီလိုကွာဟချက် ကြီးမားလွန်းတာကို ရင်ဆိုင်နိုင်ဖို့ အာကာသယာဉ်ကို ဒီဇိုင်းဆွဲထားရပါတယ်။”
ကြယ်တံခွန်ကို ရောက်တဲ့အချိန်မှာတော့ ၆ မိုင်အကွာလောက်ကနေ မြေပြင်တိုင်းတာမှုတွေ၊ မြေဆွဲအား၊ ရာသီဥတု စတာတွေကို ၂ လကြာ တိုင်းတာရဦးမှာပါ။ စစ်ဆေးတိုင်းတာမှုတွေက ရလာတဲ့ အချက်အလက်တွေကို သိပ္ပံပညာရှင်တွေ လေ့လာပြီး နောက်မှာတော့ ဆင်းသက်နိုင်မယ့် နေရာကို ရွေးချယ်ပြီး၊ Philae လို့ အမည်ပေးထားတဲ့ ဂြိုဟ်ဆင်းယာဉ်ကို စေလွှတ်မှာ ဖြစ်ပါတယ်။ Airbus Defence and Space က သိပ္ပံပညာရှင် Ralph Cordey ကတော့ ပထမဆုံးအကြိမ် ကြယ်တံခွန်ပေါ် ဆင်းသက်မယ့် သမိုင်းဝင်ခရီးစဉ်ကနေ အာကာသရဲ့ နက်နဲမှုတွေကို မကြာခင် သိရတော့မယ်လို့ မျှော်လင့်ထားတဲ့အကြောင်း ပြောပါတယ်။
“နေစင်္ကြာဝဠာစနစ်ရဲ့ လျိူ့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်မယ့် သော့ချက်နေရာတခုကို ရောက်တော့မှာပါ။ အစီအစဉ် စကတည်းက သိပ္ပံပညာရှင် အသိုင်းအဝိုင်းက စောင့်စားနေတာ ၁၀ နှစ်တောင် ရှိပါပြီ။ မကြာခင်တော့ သိရတော့မှာပါ။”
နိုဝင်ဘာလမှာ ကြယ်တံခွန်ပေါ် စေလွှတ်ဖို့ စီစဉ်ထားတဲ့ Philae ဂြိုဟ်ဆင်းယာဉ်ကတော့ ရေခဲတွေ၊ မြေနမူနာတွေကို တိုင်းတာစစ်ဆေးမှုတွေ လုပ်ဆောင်ဦးမှာပါ။ ဒီနောက်မှာလည်း ကြယ်တံခွန် ပျံသန်းရာခရီးကို အနီးကပ် လိုက်ပါပြီး နေရဲ့ အနီးအနားကို ချဉ်းကပ်ချိန်မှာ အပူရှိန်ကို ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကိုလည်း စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။