သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျိုးဗီဇ ပြောင်းလဲပြင်ဆင်မှုကြောင့် တရုတ်ဆရာဝန် ပြင်းထန်စွာဝေဖန်ခံရ


တရုတ်သုတေသီ ဒေါက်တာ He Jiankui
တရုတ်သုတေသီ ဒေါက်တာ He Jiankui

ကမ္ဘာ့ပထမဦးဆုံး DNA မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲထားတဲ့ အမွှာကလေး မိန်းကလေး ၂ ဦးကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့တဲ့ တရုတ်သုတေသီ တဦးက သူ့ရဲ့လုပ်ဆောင်ချက်ကို လူသိရှင်ကြား ကာကွယ် ပြောဆိုလိုက်ပါတယ်။

ဒေါက်တာ He Jiankui က ဟောင်ကောင်မှာ ကျင်းပတဲ့ ဇီဝဆေးပညာဆိုင်ရာ ညီလာခံမှာ ဗုဒ္ဓဟူးနေ့က ဆေးသိပ္ပံပညာရှင်တွေကို မိန့်ခွန်းပြောကြားရာမှာ အခုလို ကာကွယ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ HIV ရောဂါပိုး ရှိနေတဲ့ဖခင်တဦးထံက AIDS ဖြစ်စေနိုင်တဲ့ ရောဂါပိုး မကူးစက်နိုင်အောင် အမွှာ သမီးမိန်းကလေး နှစ် ဦးရဲ့ DNA ကို CRISPR (ခရစ်စ်ပါ) လို့ခေါ်တဲ့ အဆင့်မြင့်နည်းပညာကို အသုံးပြုပြီး အောင်မြင်စွာ မျိုးဗီဇ ပြုပြင်နိုင်ခဲ့ကြောင်း လွန်ခဲ့တဲ့ ၂ ရက်က အွန်လိုင်းပေါ်မှာ ဗွီဒီယိုမှတ်တမ်းကို တင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာ He ဟာ သူ့ရဲ့ သုတေသနကို လျှို့ဝှက်စွာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး သူ့လုပ်ငန်းနဲ့ပတ်သက်လို့ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးဘဲ သူက သိပ္ပံပညာရှင်တွေ လေ့လာဆန်းစစ်နိုင်ဖို့အတွက် သိပ္ပံဂျာနယ်တွေမှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုဟာ သူ့အတွက် ဂုဏ်ယူရဆုံးအချိန် ဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။

အခုလို သူ့ရဲ့ ထုတ်ပြန်ချက်ကြောင့် သံသယဖြစ်မှုတွေနဲ့ ပြစ်တင် ဝေဖန်မှုတွေ အတော်လေး ပေါ်ထွက်ခဲ့ပါတယ်။ တရုတ်ပြည် ထောင်ပိုင်း Shenzhen မြို့ရှိ သိပ္ပံနဲ့နည်းပညာ တောင်ပိုင်းတက္ကသိုလ်မှာ သူက လုပ်ကိုင်နေတာဖြစ်ပြီး သူဟာ ဖေဖော်ဝါရီလကစပြီး လစာမဲ့ ခွင့်ယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီတက္ကသိုလ်က သူ့ရဲ့ သုတေသနဟာ ပညာရေးဆိုင်ရာ ကျင့်ထုံးတွေနဲ့ လိုက်နာရမယ့် ကျင့်ဝတ်တွေကို ချိုးဖောက်ရာ ရောက်တယ်လို့ ပြစ်တင် ရှုတ်ချလိုက်သလို တရုတ်အစိုးရကလည်း ဒေါက်တာ He ရဲ့ လုပ်ငန်းကို စုံစမ်း စစ်ဆေးဖို့ ဒေသခံ အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

လူသားမျိုးရိုးဗီဇတွေကို ပြုပြင်ရေးဆိုင်ရာ ဒုတိယအကြိမ် နိုင်ငံတကာ ထိပ်သီးညီလာခံမှာ He အခုလို မိန့်ခွန်းပြောကြားပြီး မကြာခင်မှာ ထိပ်သီးညီလာခံရဲ့ ခေါင်းဆောင်လည်းဖြစ်၊ ဆေးသိပ္ပံဆိုင်ရာ နိုဘဲလ်ဆုရှင် တဦးလည်းဖြစ်တဲ့ အမေရိကန် ဇီဝဗေဒပညာရှင် David Baltimore က - ဒေါက်တာ He ရဲ့ လုပ်ရပ်ဟာ တာဝန်မဲ့ရာရောက်ပြီး သိပ္ပံ လူမှုအဖွဲ့အစည်းရဲ့ ထိန်းချုပ်မှုကင်းရာ ရောက်တယ်လို့ ပြောကြားလိုက်ပါတယ်။

မျိုးရိုးဗီဇ ပြုပြင်ခြင်းဟာ မျိုးရိုးဗီဇအရ ပါလာတဲ့ ရောဂါတွေကို ဖယ်ရှားနိုင်မယ့် အလားအလာကို စူးစမ်းတာဖြစ်ပေမယ့် သိပ္ပံပညာရှင်တွေက ဒီနည်းအားဖြင့် Designer Babies လို့ခေါ်တဲ့ ကလေးတွေကို ပုံစံသွင်း မွေးဖွားနိုင်မယ့် နည်းတရပ်ဖြစ်လာမှာကို စိုးရိမ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG