သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကာ ဗလီပေါ် ဝန်ချီစက်လက်တံ ပြိုကျမှု အာဏာပိုင်တွေ စုံစမ်းဆဲ


မက္ကာ အကြီးဆုံးဗလီပေါ် ဝန်ချီစက်လက်တံ ပြုတ်ကျပြီး အဆောက်အဦး ပျက်စီးသွားရပုံ။ (စက်တင်ဘာ ၁၂၊ ၂၀၁၅)
မက္ကာ အကြီးဆုံးဗလီပေါ် ဝန်ချီစက်လက်တံ ပြုတ်ကျပြီး အဆောက်အဦး ပျက်စီးသွားရပုံ။ (စက်တင်ဘာ ၁၂၊ ၂၀၁၅)

လူ ၁၀၇ ယောက်ထက်မနည်း သေဆုံးပြီး ၂၃၀ ကျော် ဒဏ်ရာရခဲ့တဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ မက္ကာက အကြီးဆုံး ဗလီကြီးအပေါ် ဝန်ချီစက် ကရိန်းကြီးတခု ဘာကြောင့်ပြိုလဲကျခဲ့သလဲဆိုတာကို ဆော်ဒီအာဏာပိုင်တွေ စတင် စုံစမ်းနေပြီ ဖြစ်ပါတယ်။

သောကြာနေ့ ဝတ်ပြုဆုတောင်ပွဲအတွက် စုရုံးကြစဉ်မှာ ဒီဝန်ချီစက်လက်တံဟာ ဗလီအမိုးကိုဖေါက်ပြီး လဲကျခဲ့တာပါ။ အစ္စလာမ်တွေ အထွဋ်အမြတ် ထားရာ ဒီနေရာမှာ နှစ်စဉ်ကျင်းပတဲ့ Hajjဘုရားဖူးရာသီ မကျရောက်မီရက်ပိုင်းအလိုမှာ အခုလို ဖြစ်ပွါးခဲ့တာပါ။

ပြိုလဲကျတဲ့ဝန်ချီစက် အကျိုးအပဲ့အပိုင်းအစတွေ၊ သွေးစွန်းနေတဲ့ ဘုရားဖူးတွေရဲ့ဝတ်ရုံတွေကို အွန်လိုင်း လူမှုကွန်ယက် က ပုံတွေထဲမှာ တွေ့ရပါတယ်။ ဒီဗလီရင်ပြင်ကိုချဲ့ထွင်ဖို့အတွက် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ မိုးသဲသဲမဲမဲ ရွာနေတဲ့အောက်မှာ လေတိုက်အားလည်း ပြင်းထန်တာကြောင့် အဓိက ပင်မဝန်ချီစက်ဟာ ဟန်ချက်မထိန်းနိုင်တော့ဘဲ ပြိုလဲကျတာ ဖြစ်နိုင်တယ်လို့ ဗလီရဲ့ အသံဖမ်းအင်ဂျင်နီယာတဦးဖြစ်တဲ့ Mohammed Tahir က VOA ကိုပြောပါတယ်။

ကရိန်းပြိုလဲကျချိန်မှာ ဘုရားဖူးဝတ်ပြုဆုတောင်းသူတွေဟာ Umra လို့ခေါ်တဲ့ ဆုတောင်းပွဲတရပ်ကို ကျင်းပနေတာဖြစ်ပြီး သူတို့ဟာ ဗလီရဲ့အလယ် တည့်တည့်က အစ္စလာမ်တွေရဲ့အထွဋ်အမြတ်ထားရာနေရာကို စက်ဝိုင်းပုံသဏ္ဍန် ဝိုင်းပတ် နေကြတယ်လို့ Tahir က ပြောပါတယ်။ အခုလို လူတွေ သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ဆော်ဒီအာဏာပိုင်တွေကို ကမ္ဘာ့ခေါင်းဆောင်တော်တေ်ာများများက ဝမ်းနည်းကြောင်း ပြောကြားခဲ့ကြပါတယ်။

XS
SM
MD
LG