စကော့တလန်နယ်ကို UK နိုင်ငံထဲကနေ ခွဲထွက်ပြီး သူရင်ကွဲအောင်မလုပ်ကြဖို့ ဝန်ကြီးချုပ် David Cameron က စကော့လူမျိုးတွေကို တောင်းပန်ပြီး ရှေ့သီတင်းပတ်လုပ်မယ့် ဆန္ဒခံယူပွဲကျရင် UK နိုင်ငံထဲမှာ ဆက်ရှိနေရေးဘက်က မဲထည့်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
အင်္ဂလန်နဲ့ စကော့တလန်ကြား သမိုင်းအစဉ်အဆက် ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့တဲ့အကြောင်းတွေကို အမှတ်ရစေဖို့ ဝန်ကြီးချုပ် Cameron ဗုဒ္ဓဟူးနေ့တုန်းက Edinburgh မြို့ဆီသွားခဲ့ပြီး မိသားစုလိုဖြစ်နေတဲ့ နိုင်ငံကြီး ကွဲသွားမယ်ဆိုရင် သူ ရင်ကျိုးရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
Conservative ပါတီဝန်ကြီးချုပ် David Cameron နဲ့အတူ အတိုက်အခံ Labor နဲ့ Liberal Democrat ပါတီခေါင်းဆောင်တွေလည်း စကော့တလန်နယ်ကို အတူ သွားခဲ့ကြပါတယ်။ စကော့လူမျိုးတွေ ဆန္ဒခံယူပွဲကျရင် UK ထဲကနေ ခွဲထွက်ချင်တဲ့ဘက်ကနေ မဲမပေးကြဖို့ ပြိုင်ဘက် နိုင်ငံရေးပါတီတွေ ရှားရှားပါးပါး စည်းလုံးပြီး တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။
နောက်ဆုံးရရှိတဲ့ စစ်တမ်းကောက်ခံမှုတွေအရ ခွဲထွက်ချင်သူတွေနဲ့ ဆက်ပြီး တွဲချင်သူတွေ အရေအတွက် အတူတူနီးပါး ဖြစ်နေပါတယ်။ သီးခြားလွတ်လပ်တဲ့ စကော့တလန်အဖြစ် ခွဲထွက်ချင်တဲ့သူတွေက သူတို့ကို ရှေးရိုးစွဲဝါဒီ Conservative အစိုးရအုပ်ချုပ်နေတဲ့အပေါ် လွတ်လပ်တဲ့ Liberal အတွေးအမြင်ရှိတဲ့ စကော့တလန်က မထောက်ခံဘူးလို့ ပြောကြားခဲ့ပါတယ်။
UK နိုင်ငံထဲမှာ ဆက်လက် ရှိနေချင်သူတွေကလည်း ခိုင်မာတဲ့ UK ကနေ ခွဲထွက်မယ်ဆိုရင် စီးပွားရေးပိုင်းမှာ ရုန်းကန်ရလိမ့်မှာဖြစ်ပြီး လုံခြုံမှုကလည်း လျော့နည်းသွားလိမ့်မယ်လို့ ပြောနေကြပါတယ်။ စကော့တလန်နယ်မှာ ဆန္ဒခံယူပွဲကို စက်တင်ဘာလ ၁၈ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။