ဗြိတိန်နိုင်ငံ စကော့တလန်နယ်မှာရှိတဲ့ စကော့လူမျိုးတွေဟာ ဗြိတိန်နိုင်ငံကနေ လွတ်လပ်တဲ့ နိုင်ငံတခုအဖြစ်နဲ့ ခွဲထွက်ဖို့အတွက် လူထုဆန္ဒခံယူပွဲကို ကြာသာပတေးနေ့က မဲပေးခဲ့ကြပြီးတော့ ၊ ဆန္ဒခံယူပွဲကနေ ထွက်ပေါ်လာမယ့် ရလဒ်တွေကို စိတ်လှုပ်ရှားစွာနဲ့ စောင့်နေကြပြီဖြစ်ပါတယ်။
ကြာသာပတေးနေ့ နှောင်းပိုင်းမဲရုံတွေ မပိတ်ခင်အထိ၊ မဲပေးတဲ့သူအရေအတွက်ဟာ အလွန်ကို များခဲ့ပါတယ်။ တရားဝင် မဲရလာဒ်တွေကတော့ သောကြာနေ့ မနက်မှာ ထွက်လာဖို့ မျှော်လင့်နေကြပါတယ်။
လူထုဆန္ဒခံယူပွဲမတိုင်ခင် ကြိုတင်စစ်တမ်းကောက်ယူမှုတွေမှာတော့ မထောက်ခံတဲ့ ဘက် နည်းနည်းလေး အသာစီးရထားပါတယ်။ ကြာသာပတေးနေ့ညနေက ထုတ်ပြန်လိုက်တဲ့ Yougov စစ်တမ်းက နောက်ဆုံးကောက်ခံခဲ့တဲ့ မဲဆန္ဒရှင် ၃၀၀၀ ရဲ့ သဘောထားကတော့ ဗြိတိန်ကနေ ခွဲထွက်ပြီး လွတ်လပ်ရေးကို မထောက်ခံတဲ့ဘက်က ၅၄ ရာခိုင်နှုန်း၊ ထောက်ခံတဲ့ဘက် ၄၆ ရာခိုင်နှုန်း လို့ဖော်ပြနေပါတယ်။
စကော့တလန်နိုင်ငံမှာ မဲပေးနိုင်တဲ့သူ ၄ သန်းထဲက ၉၇ ရာခိုင်နှုန်းက ဒီလူထုဆန္ဒခံယူပွဲမှာ မဲပေးဖို့ မှတ်ပုံတင်ထားကြပါတယ်။