သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် သံအမတ် အသစ်နဲ့ အရပ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံ


Scott Marciel အရပ်ဘက် အဖွဲ့အစည်းခေါင်းဆောင်များ တွေ့ဆုံ (ဓါတ်ပုံ U.S Embassy)
Scott Marciel အရပ်ဘက် အဖွဲ့အစည်းခေါင်းဆောင်များ တွေ့ဆုံ (ဓါတ်ပုံ U.S Embassy)

မြန်မာနိုင်ငံတွင်း ဒီမိုကရေစီထွန်းကားရေးနဲ့ လူ့အခွင့်အရေးလေးစားလိုက်နာမှုရှိလာစေဖို့အတွက် အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့မီဒီယာတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အားပေးကူညီသွားမယ်လို့ အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ပေးအပ်ခံရတဲ့ Scott Marciel က မြန်မာ အရပ်ဖက်လူ့အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုသွားပါတယ်။ မြန်မာအရပ်ဖက်လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေကလည်း အခု အစိုးရသစ် အပြောင်းအလဲကာလ စိုးရိမ်ပူပင်မှု အချို့ကို အမေရိကန်သံအမတ်ကြီးနဲ့ အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် မသိင်္ဂီလင်း က ပြောပြပါလိမ့်မယ်။

အမေရိကန်ဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ် တာဝန်ယူရတော့မယ့် Scott Marciel ဟာ သင်္ကြန်မတိုင်ခင်တုန်းက ရန်ကုန်မြို့မှာ အရပ်ဖက်လူ့အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး သူတို့တွေရဲ့ မျှော်လင့်ချက်တွေ၊ စိုးရိမ်ပူပန်မှုတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒီမိုကရေစီစံနစ်မှာ အရပ်ဖက်လူ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါတာကြောင့် သူတို့တွေကို အတက်နိုင်ဆုံး အားပေးကူညီသွားမယ်ဖို့ရှိတယ်လို့ ရန်ကုန်မြို့အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောပါတယ်။

“သံအမတ်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးခြင်းခံရတဲ့ မာစီရယ်လ်ဟာ အရပ်ဘက် လူ့အဖွဲ့အစည်းခေါင်းဆောင်ေတွေနဲ့တွေ့ဆုံပြီး ဒီမိုကရက်တစ်အသွင်ကူးပြောင်းရေးကာလအတွင်း အခွင့်အလမ်းတွေ၊ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ လွတ်လပ်ပြီးတက်ကြွတဲ့အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေဟာ ဒီမိုကရေစီစံနစ်အတွက် မရှိမဖြစ်အရေးပါလှပါတယ်။ ဒီမိုကရေစီ ပိုမိုထွန်းကားပြန့်ပွားရေးနဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး လေးစားလိုက်နာဖို့အတွက် အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေကို အားပေးကူညီဖို့ အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန်ချထားပါတယ်။”

အရပ်ဖက်လူ့အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ ဧပြီလ ၅ ရက်နေ့က ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ တွေ့ဆုံခဲ့ကြတာပါ။

စစ်မှန်သောပြည်သူ့ကျေးကျွန်အဖွဲ့ ဒါရိုက်တာ ကိုသွင်လင်းအောင်က အစိုးရသစ်ရဲ့ စိန်ခေါ်မှုတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စိန်ခေါ်မှုတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ အခုလို ပြောပါတယ်။

“လောလောဆယ်မှာ NLD အစိုးရတက်လာတယ်။ ဒါပေမယ့် တဘက်ကလည်း စစ်တပ်က ထိန်းချုပ်ထားတဲ့ဟာတွေရှိနေသေးတယ်ဆိုတော့ NLD အစိုးရအတွက် စိန်ခေါ်မှုတွေရှိလာနိုင်တယ်ပေါ့။ အဲလိုဟာမျိုးမှာ အမေရိကန်အစိုးရအနေနဲ့လည်း တချို့ဟာတွေမှာ NLD အစိုးရကို ပံ့ပိုးပေးဖို့ဆိုတာတွေပြောတယ်။ နောက်တခုကကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေပေါ့။ ကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေပေါ့ အဲဒါတွေမှာလည်း စိန်ခေါ်မှုတွေရှိလာနိုင်တယ်ပေါ့။ ကျနော်တို့နဲ့ တိုက်ရိုက် ဆက်ဆံရတဲ့ ပြည်ထဲရေးဝန်ကြီးဌာနက စစ်တပ်အောက်မှာရှိတာကို ဆိုတော့ အဲဒီစိန်ခေါ်မှုတွေလည်း ပြောဖြစ်တယ်။”

တစ်ဖက်မှာလည်း အမေရိကန်-မြန်မာ နှစ်နိုင်ငံ စစ်ဘက် ဆက်ဆံရေးအပိုင်းမှာသတိထားဆောင်ရွက်ဖို့ အမျိုးသမီးများကွန်ယက်က မခင်လေးက အကြံပြုခဲ့ပါတယ်။

“စစ်ဘက် ဆက်ဆံရေးတွေမှာလည်း သေသေချာချာ ပေါ့နော် အချိန်နဲ့ကြည့်ပြီးတော့ ကျမတို့က တဆင့်ချင်းတဆင့်ချင်း ဖြေးဖြေးချင်းသွားပြီးတော့ ဆက်ဆံရေးတွေကို တိုးမြှင့်သင့်တယ်ပေါ့။ အရမ်းကြီး ကျမတို့ ဆက်ဆံရေးကို အရပ်သားအစိုးရဖြစ်နေပြီး အရမ်းကြီးကောင်းနေပြီထင်ပြီးတော့ ၊ တကယ့် စစ်ဘက်ဆက်ဆံရေးမှာ တအားကိုပဲ အဆင့်အမြင့်ဆုံးအထိလုပ်လိုက်လို့ရှိရင် တိုင်းရင်းသားဒေသတွေမှာဖြစ်နေတဲ့ စစ်ပွဲတွေကလည်း မပြီးဆုံးသေးဘူး ၊ ဒီပြဿနာတွေက မပြေလည်သေးတော့ အဲဒါကိုတော့ သေသေချာချာသတိထားပြီးတော့ ကိုင်တွယ်ပေးပါဆိုပြီးတော့ ကျမတို့ သတိပေးခဲ့တာပေါ့နော်။”

NLD အစိုးရသစ်ရဲ့ သက်တမ်းဟာ အခုမှ သီတင်း ၃ ပတ်ခန့်ပဲရှိသေးတာပါ။ တိုင်းပြည်တိုးတက်ဖို့အတွက် ရှေ့ဆက်ပြီး ဆောင်ရွက်စရာတွေ တော်တော်များများရှိသေးတာကြောင့် နောက်ပိုင်းမှာ အစိုးရ၊ လွှတ်တော်နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပိုပြီး ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့လည်း မခင်လေးက ဆွေးနွေးထောက်ပြခဲ့ပါတယ်။

“အရက်ဖက်အဖွဲ့အစည်းတွေနဲ့ အစိုးရသစ်နဲ့ လွတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေပိုပြီးတော့ ၊ ပူပေါင်းဆောင်ရွက်မှုဆိုတာထက် ပိုပြီးတော့ ထိတွေ့ဆက်ဆံမှုတွေပေါ့နော်၊ အပြန်အလှန်ထိတွေ့ဆက်ဆံမှုတွေ အပြန်အလှန်လေးလေးစားစားနဲ့နားထောင်တာတွေ ပိုလုပ်ရင်တော့ ပိုကောင်းမယ်ဆိုတာမျိုးတွေ ကျမတို့ အကြံပေးခဲ့ကြပါတယ်။”

သံအမတ်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရတဲ့ Scott Marciel ဟာ ဧပြီလမကုန်ခင်မှာ သမ္မတဦးထင်ကျော်ထံသွားရောက်ပြီး သံအမတ်ခန့်အပ်လွှာပေးအပ်မှာလည်းဖြစ်ပါတယ်။

XS
SM
MD
LG