သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA ကိစ္စ တိုင်းရင်းသားတွေကြား သဘောကွဲ


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ။

တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေး အဖွဲ့ SD အဖွဲ့(၁၉)ဖွဲ့ရဲ့ ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေးမှာ အဖွဲ့(၇)ဖွဲ့ကနေ NCA လက်မှတ်ရေးထိုးသွားဖို့ သဘောထားပေး ခဲ့ကြသလို အဖွဲ့ (၁၀)ဖွဲ့ကတော့ လက်မှတ်ရေး ထိုးဖို့အဆင်သင့် မဖြစ်သေးသလို အားလုံးစုံ ပါဝင်ရေးမူ အတိုင်း ဆက်လက် ရပ်တည်သွားမယ်လို့ SDခေါင်းဆောင်တွေကပြောပါတယ်။ လက်ရှိမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အကြား စစ်ရေးတင်းမာနေသေးသလို NCA လက်မှတ်ရေးထိုးဖို့ အစိုးရဘက်က လက်မခံသေးတဲ့အဖွဲ့တွေ အတွက်လဲ စစ်ရေး နိုင်ငံရေး အာမခံချက်မရှိသေးတဲ့ အခြေအနေမှာရှိနေတဲ့ အတွက် လက်မှတ် မထိုးသင့်သေးဘူးလို့လဲ တိုင်းရင်းသားခေါင်းဆောင်တွေက ရှု့မြင်နေကြတဲ့ အခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလို သတင်းပေးပို့ ထားပါတယ်။

တနိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်ဆဲရေးသဘောတူစာချုပ် NCAအပြီးသတ် လက်မှတ်ရေးထိုးရေး ကိစ္စ နဲ့ပက်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၉ ဖွဲ့က ကိုယ်စားလှယ်တွေကနေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။

ဒုတိယနေ့ဖြစ်တဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုရဲ့ထူးခြားမှုကိုတော့ SDခေါင်းဆောင် တဦးဖြစ်သူ နိုင်ဟံသာကအခုလို ပြောပါတယ်။

“အစိုးရဖက်က ဖိတ်ခေါ်တဲ့ တနိုင်ငံလုံး အပစ်ခတ် ရပ်ဆဲရေးလက်မှတ် ထိုးဖို့ ကိစ္စမှာ တချို့အဖွဲ့တွေကလည်း ထိုးကြမယ်။လက်မှတ်ထိုးဖို့ ဆုံးဖြတ်ပေးထားတဲ့အဖွဲ့ကတော့ ၇ ဖွဲ့ ရှိပါတယ်။ ဒါပေမယ့် တကယ်တမ်း အားလုံးထိုးမယ် မထိုးဘူးဆိုတာကလည်း အခြေအနေပေါ်မှာ မူတည်မှာ ခင်ဗျာ။ ထိုးမယ်လို့ ဆုံးဖြတ်ချက်ချထားတဲ့ ၇ ဖွဲ့ကနေပြီးတော့မှ အားလုံး ပါဝင်ထိုးမလား၊ မထိုးဘူးလားဆိုတာကတော့ သူတို့အပေါ်မှာ မူတည်ပါတယ်။ အများစုကတော့ မထိုးသေးဘူး။”

ဒီကနေ့တွေ့ဆုံမှုမှာ NCAလက်မှတ်ရေးထိုးရေးကိစ္စနဲ့ပက်သက်ပြီး တဖွဲ့ခြင်းအလိုက် သဘောထားကောက်ယူရာမှာ တော့ KNU ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ၊ ချင်းအမျိုးသား တပ်ဦးCNF၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်၊ PNLO မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDFနဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP စတဲ့(၇)ဖွဲ့ကနေ လက်မှတ် ရေးထိုးသွားဖို့ အတည်ပြုသဘောတူခဲ့ပါတယ်။

မိုင်းလားအဖွဲ့နဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSAအနေနဲ့ကတော့ NCA လက်မှတ်ရေးထိုးရေး မထိုးရေးကိစ္စ မှာ တစုံတရာ မှတ်ချက်ပေးတာမျိုးမရှိခဲ့ပါဘူး။

အားလုံးစုံ ပါဝင်မှ လက်မှတ်ရေးထိုးဖို့ သဘောထားပေးတဲ့အဖွဲ့(၁၀)ဖွဲ့ကတော့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီ NMSP၊ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် SSPP/SSA ၊ ကချင်လွတ်လပ်ရေးအဖွဲ့KIO လားဟူ ဒီမိုကရက်တစ်ပါတီLDP ၊ ဝအမျိုးသားအဖွဲ့ချုပ်WNO၊ ရခိုင်အမျိုးသားကောင်စီ ANC ၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး PSLF၊ ရခိုင်တပ်မတော် AA ၊ ကိုးကန့်တပ်ဖွဲ့ NMDAAတို့ ပါဝင်ပါတယ်။

ဒီအဖွဲ့တွေအနေနဲ့ အစိုးရကနေ NCAလက်မှတ်ရေးထိုးရေးမှာ လက်မခံငြင်းပယ် ထားတဲ့ အဖွဲ့တွေ အတွက် စစ်ရေး နိုင်ငံရေး အာမခံချက်မ ရှိသေးတဲ့ အခြေအနေမှာ လက်မှတ်မ ထိုးသင့်သေးဘူး လို့မြင်ကြောင်း နိုင်ဟံသာကဆက်ပြော ပါတယ်။

“ဒီလို အနေအထားမျိုးမှာ တဖက်က သူတို့တောင်းဆိုတဲ့ အဖွဲ့အားလုံး ပါဝင်ရေး အဓိကအားဖြင့် SD အဖွဲ့အားလုံး ပါဝင်ရေးမှာ တဘက်က သမ္မတဘက်က လက်မခံဘူး။ အဲဒီချန်ထားမယ့် အဖွဲ့တွေကိုလည်း သူတို့အတွက်အာမခံချက်ဆိုတာ ဥပမာ၊ စစ်ရေးက မထိုးဘူး၊ နိုင်ငံရေးအရ ပါဝင်ခွင့်ပြုမယ် စသဖြင့် အဲဒီကိစ္စတွေပေါ့ဗျာ။ လူမှုရေး ကိစ္စတွေ အပါအဝင်ပေါ့နော်။ ဒီကိစ္စမှာလည်း သမ္မတ ဘက်က ဘာမှ အာမခံချက် မပေးတော့ ဒါကြောင့် မထိုးသင့်သေးဘူးလို့ အများစုက မြင်တယ်ခင်ဗျာ။”

NCA လက်မှတ်ရေးထိုးထားဖို့ သဘောတူထားတဲ့အဖွဲ့တွေအနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ NCAလက်မှတ်ထိုးသွားမယ့် အခြေအနေကို သိရှိဖို့အတွက် NCA လက်မှတ်ရေးထိုးမယ့် အဖွဲ့ခေါင်းဆောင် တွေကို ဆက်သွယ်ခဲ့ပေမဲ့ အဆက်သွယ်မရရှိခဲ့ပါဘူး။

ဒီ SD ထိပ်သီးအစည်းအဝေးမှာ စက်တင်ဘာလ(၉)ရက်နေ့ကနေပြည်တော်မှာ သမ္မတဦးဆောင် အစိုးရကိုယ်စားလှယ် အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ ညှိနှိုင်းမှုကနေ ရလာတဲ့ရလဒ်ကို အစီရင်ခံတင်ပြပြီး NCAနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်ကိစ္စတွေကို ညှိနှိုင်းဆွေးနွေးပွဲ လဲဖြစ်ပါတယ်။

လက်ရှိ အင်အားကြီးအဖွဲ့တွေကနေ လက်မှတ်ရေးထိုးမှုမရှိတဲ့အနေအထားမှာ တနိုင်ငံလုံးဆောင်တဲ့ အပစ်အခတ် ရပ်စဲရေးဖြစ်နိုင်ခြေ မရှိဘူးလို့လဲ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌဟောင်း ဖြစ်သူ ဒေါက်တာနိုင်အောင်ကပြောပါတယ်။

“အပစ်ရပ်ဖို့အတွက် တပ်တွေနေရာသိမ်း၊ နယ်မြေပိုင်းခြားမှုတွေ လိုက်နာရမယ့် ကတိကဝတ်တွေ၊ ဒါတွေကိုဖြေရှင်းဖို့ နည်းလမ်းတွေကိုလုပ်ပြီးတော့မှ လက်မှတ် ထိုးမယ့် မဟာဗျူဟာတွေမှာ လက်မှတ်အရင်ထိုးပြီးတော့ အဲဒါတွေ ကို နောက်မှ လုပ်မယ် ဆိုတော့ ဒီကြားထဲမှာလည်း တိုက်ပွဲတွေ ထက်ဖြစ်လာနိုင်တဲ့ အနေအထားတွေပေါ်မှာ စိုးရိမ်မှုတွေရှိနေတယ်လို့ထင်တယ်။ အခုလည်း တကယ့် အင်အားကြီးအဖွဲ့တွေ မထိုးနိုင်ဘူးဆိုရင် တနိုင်ငံလုံးဆောင်တဲ့ အပစ်အခတ် ရပ်စဲရေး ဖြစ်မှာမဟုတ်ဘူးလို့ ကျနော်ပြောချင်ပါတယ်။”

လက်ရှိအခြေအနေကတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ KIOကချင်တပ်ဖွဲ့၊ TNLAပလောင်တပ်ဖွဲ့၊ RCSS/ SSAရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့ ကိုးကန့်တပ်ဖွဲ့တွေနဲ့ အစိုးရတပ် အကြားမှာ တိုက်ပွဲတွေဖြစ်ပွားနေဆဲလဲဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဖေါ်ဆောင်နေဆဲ ကာလမှာ ဒီလိုဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေ ရပ်တန့်သင့်တယ် လို့ တောင်ပိုင်းရှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလကပြောပါတယ်။

“တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ရရှိထားတဲ့ ကျနော်တို့ ပနာမ အပစ်အခတ် ရပ်စဲရေး ကတိဂဝတ်တွေအတိုင်း လိုက်နာဆောင်ရွက်ပြီးတော့ တိုက်ပွဲတွေလည်း မဖြစ်ပွားအောင်၊ ဖြစ်နေတဲ့ တိုက်ပွဲတွေလည်း ရပ်တန့်သွားအောင်၊ မပြန့်ပွားတော့အောင် ကျနော်တို့ အားလုံးမှာ တာဝန်ရှိသလို၊ အဓိက တာဝန် ပိုအရှိဆုံးကတော့ အစိုးရနဲ့ တပ်မတော်ပဲ ဖြစ်ပါတယ်။ အခုလို သူတို့က စစ်ရေးအရ စစ်ဆင်ရေးတွေမလုပ်ဘူး ဆိုရင် ဒီတိုက်ပွဲတွေက ဖြစ်လာမှ မဟုတ်ပါဘူး။”

လက်ရှိအနေအထားကတော့ တိုင်းရင်းသား အဆင့်မြင့်ညှိနှိုင်းရေး SDအဖွဲ့တွေကြား မှာ NCA အမြန်ထိုးရေးနဲ့ အားလုံးစုံ ပါဝင်မှထိုးရေးဆိုတဲ့ အမြင်မတူညီမှုတွေရှိနေပါတယ်။

သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရကိုယ်စားလှယ်တွေ အနေနဲ့ SD အဖွဲ့ဝင်(၁၅)ဖွဲ့နဲ့ ဒီလကုန်မှာ NCAလက်မှတ် ရေးထိုးဖို့ ကမ်းလှမ်းလာပေမဲ့ တိုင်းရင်းသားတွေဘက်က ညှိနှိုင်းဆွေးနွေးပြီးမှ လာမယ့် အောက်တိုဘာလယ်ကျမှ လက်မှတ်ရေးထိုးတဲ့ကိစ္စကို အကြောင်းပြန်သွားမယ်လို့ သတင်းတွေပေါ် ထွက်နေပါတယ်။

လက်ရှိ SD အစည်းအဝေး ဆုံးဖြတ်ချက်အရ လာမဲ့အောက်တိုဘာလ လယ်လောက်မှာ သမ္မတဦးဆောင်တဲ့မြန်မာ ကိုယ်စားလှယ်အဖွဲ့နဲ့ NCA လက်မှတ်ရေးထိုးရေး အစီအစဉ်ဟာ ဖြစ်နိုင်ခြေ အားနည်းနေတယ်လို့လဲ နိုင်ဟံသာကပြောပါတယ်။ လက်ရှိကျင်းပနေတဲ့ SDအစည်းအဝေးကိုတော့ မနက်ဖန် အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

XS
SM
MD
LG