သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးဂိမ်းမှာ မြန်မာ့ ယဉ်ကျေးမှုပြနိုင်ဖို့ မျှော်လင့်


မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၇ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲတော် ကြေငြာ
မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၇ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲတော် ကြေငြာ
၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်း ကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်တာဟာ မြန်မာ့ရိုးရာ၊ယဉ်ကျေးမှု ကို ပြသခွင့် ရမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ နဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွေကို ပြသဖို့ အခွင့်အရေးတရပ်ဖြစ်တယ်လို့ မြန်မာ အစိုးရက ခံယူထားကြပါတယ်။ တချိန်တည်းမှာပဲ ဆီးဂိမ်းမှာ ပါဝင်ယှဉ်ပြိုင်မယ့် မြန်မာ အားကစားသမားတွေကို နိုင်ငံခြားက နည်းပြတွေခေါ်ယူပြီး ကြိုတင်ပြင်ဆင်လေ့ကျင့်မှုတွေ လုပ်ဆောင်နေ တာဖြစ်ပါတယ်။ အေပီ သတင်းတပုဒ်ကို အခြေခံပြီး မမေစန္ဒီက တင်ပြပေးမှာလိမ့်မယ်။

၂၇ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဆီးဂိမ်း ကို မြန်မာနိုင်ငံမှာ အိမ်ရှင် အဖြစ် လက်ခံကျင်းပဖို့ ၂လတောင် မလိုတော့တာဖြစ်တဲ့ အတွက် မြန်မာ တာဝန်ရှိပုဂ္ဂိုလ်တွေ အနေနဲ့ ပြင်ဆင်မှုတွေ အပြီး သတ်ဆောင်ရွက်နေကြပါတယ်။ ဆီးဂိမ်းပွဲကြီးကို နှစ်ပေါင်း၄၄နှစ်အကြာမှာ အခုလို ပြန်လည်ကျင်းပ နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အခုဆိုရင် ရန်ကုန်မြို့မှာ ဆိုရင်လည်း ဆီးဂိမ်း ကြော်ငြာဆိုင်းဘုတ်တွေကို နေရာတော်တော် များများမှာ တွေ့နေရပါပြီ။

ဒီဆီးဂိမ်းပြိုင်ပွဲတွေ ကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ ငွေဆောင်တို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဆီးဂိမ်းနဲ့ ပတ်သက်ပြီး မျှော်မှန်းချက်တွေကိုတော့ အားကစားဝန်ကြီးဌာန ဒုဝန်ကြီး ဦးသောင်းထိုက် ကအခုလိုပြောပါတယ်။

"၂၇ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲဟာ ကျနော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု နဲ့ တည်ငြိမ်အေးချမ်းမှုကို ပြသနိုင်မှာဖြစ်သလို ကျနော်တို့ ယဉ်ကျေးမှု၊ မြန်မာ လူမျိုးတွေရဲ့ နွေးထွေး ပျူငှာမှုကို ကမ္ဘာကို ပြနိုင်မှာဖြစ်ပါတယ်။ အဲဒီ့တော့ ဒီဆီးဂိမ်းပြိုင်ပွဲကြီးကနေ ကျနော်တို့တွေ မြန်မာနိုင်ငံရဲ့ ဂုဏ်ကို ကမ္ဘာကို အစွမ်းကုန်ပြဖို့ အခွင့်အရေး တခုဖြစ်တယ်လို့ခန့်မှန်းပါတယ်။"

၂၀၀၇ခုနှစ် သံဃာ့ အရေးအခင်းဖြစ်ပွားပြီးတဲ့နောက် မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာက စိုးရိမ်မှုတွေ ပိုလာခဲ့ပါတယ်။ ၂၀၁၀ရွေးကောက်ပွဲပြီးနောက် မြန်မာနိုင်ငံမှာ စစ်အစိုးရ အုပ်ချုပ်မှုကနေ အရပ်သားအစိုးရ အုပ်ချုပ်မှုစနစ်ပြောင်းလာပြီးကတည်း က ပြည်သူလူထုကလည်း စီးပွားရေးနဲ့ နိုင်ငံရေးတွေမှာ တိုးတက်မှုတွေဖြစ်ဖို့ ပိုပြီး မျှော်လင့် လာခဲ့ကြပါတယ်။ ဒီလိုမျိုးတိုးတက်ပြောင်းလဲမှုတွေကို ဆီးဂိမ်းပြိုင်ပွဲကြီးကနေတဆင့် ကမ္ဘာက မြင်တွေ့နိုင်ပြီလို့ ဝန်ကြီး ဦးသောင်းထိုက် က အခုလိုဆက်ပြောပါတယ်။


"၂၀၁၀ခုနှစ် အစိုးရသစ်တက်လာပြီးကတည်းက ကဏ္ဍအသီးသီးမှာ ဥပမာ နိုင်ငံရေး၊ စီးပွားရေးကဏ္ဍတွေမှာ ပြောင်းလဲခဲ့ပါတယ်။ အခုလို အိမ်ရှင်အဖြစ် လက်ခံကျင်းပတာကို အားလုံးက ကြည့်ကြမှာဆိုတော့ ကမ္ဘာမှာ ဂုဏ်ယူနိုင်တာပေါ့။ ဒီပွဲပြီးသွားရင်လည်း အာဆီယံအဆင့် တင်မက အာရှကစားပွဲတွေ၊ အိုလံပစ်ကစားပွဲလိုပွဲတွေကိုပါ စီစဉ်ကျင်းပနိုင်ပါပြီ။

ဒါ့ပြင် မြန်မာ အားကစားသမားတွေအနေနဲ့လည်း သူတို့ရဲ့ ပြည်တွင်းက ပရိသတ်တွေရှေ့မှာ အကောင်းဆုံး ယှဉ်ပြိုင်ကစားနိုင်ဖို့ အခွင့်အရေး တခုဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ မြန်မာ့ရိုးရာ ကစားနည်းတွေအပါအဝင် အားကစားအမျိုးအစားစုစုပေါင်း ၃၃ မျိုးကို ယှဉ်ပြိုင် ကစားကြမှာဖြစ်တဲ့ အတွက် နိုင်ငံတကာ နည်းပြတွေ မြန်မာနိုင်ငံမှာ လာပြီး လေ့ကျင့် သင်ကြား ပေးနေတယ်လို့ ဒုဝန်ကြီး ဦးသောင်းထိုက် ကအခုလို ဆက်ပြီးပြောပါတယ်။

"နိုင်ငံခြားကနေ နိုင်ငံတကာ အဆင့် နည်းပြ ၊ ကျနော့်အထင် ၃၀လောက် မြန်မာနိုင်ငံကိုလာပြီး ကျနော်တို့အားကစားသမားတွေ ကို လေ့ကျင့်ပေးပါတယ်။ ဒါ့ကြောင့် ကျနော်တို့ အခြေအနေဟာ အရင်ကထက် ပိုပြီးကောင်းတယ်လို့ ပြောနိုင်ပါတယ်။ အရင်ထက်ပိုပြီး ရွှေတံဆိပ် ဆုတွေရနိုင်မှာပါ။"

ဒီ ဆီးဂိမ်းပြိုင်ပွဲကြီးကို ၁၉၆၉ ခုနှစ် က မြန်မာနိုင်ငံမှာ လက်ခံကျင်းပ ခဲ့စဉ်တုန်းက ဆုတံဆိပ်အားလုံးပေါင်း ၁၄၉ခု ရရှိခဲ့တာပါ။ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပသွားခဲ့တဲ့ ၂၆ကြိမ်မြောက် ဆီးဂိမ်းကြီးမှာတော့ မြန်မာနိုင်ငံက ရွှေတံဆိပ် ၁၆ခု အပါအဝင် ဆုတံဆိပ် အားလုံး ၈၀ နဲ့ နံပါတ် ၇နေရာမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

မြန်မာပြည်သူလူထုအနေနဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးလွတ်လပ်မှုတွေကို တဖြည်းဖြည်း ခံစားလာနေတဲ့ တချိန်ထဲမှာပဲ အားကစား ပိုင်းမှာလည်း အောင်မြင်မှုတွေရဖို့ မျှော်လင့်နေကြတာပါ။
XS
SM
MD
LG