မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲရဲ့ အမျိုးသားဘောလုံး ပွဲစဉ်တွေကို ဒီကနေ့ စနေနေ့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ စပြီးကစားခဲ့တာမှာ အိမ်ရှင်မြန်မာအသင်းဟာ ပွဲဦးထွက်အဖြစ် ကမ္ဘောဒီးယားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
မြန်မာအသင်းအတွက် ဂိုးတွေကို ပထမပိုင်း ၁၆ မိနစ်နဲ့ ၂၅ မိနစ်တို့မှာ ဇော်မင်းထွေးနဲ့ ကျော်ကိုကိုတို့က သွင်းယူခဲ့ပြီး ဒုတိယပိုင်း ပွဲစလို့ ၁ မိနစ်ကျော်ကျော်မှာ ကျော်ကိုကိုကပဲ တတိယဂိုးကို သွင်းယူခဲ့ပါတယ်။
မြန်မာအသင်းနဲ့အတူတူ အုပ်စု က မှာပါတဲ့ ထိုင်းနဲ့ တီမောလက်စ်တေအသင်းတို့ စနေနေ့ ပထမပွဲအဖြစ် ကစားခဲ့ကြတာမှာတော့ ထိုင်းအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
မြန်မာအသင်းဟာ ဒီဇင်ဘာလ ၉ ရက်နေ့မှာ တီမောလက်စ်တေအသင်း၊ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ထိုင်းအသင်း၊ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ အင်ဒိုနီးရှားအသင်းတို့နဲ့ ကစားရမှာဖြစ်ပါတယ်။