သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SEA Games- မြန်မာအသင်း ဆုအရေအတွက် ဒုတိယလိုက်


၂၇ ကြိမ်မြောက် SEA Games Kempo ပြိုင်ပွဲကို အားပေးနေတဲ့ မြန်မာပရိသတ်။ ဒီဇင်ဘာ ၂၀၊ ၂၀၁၃။
၂၇ ကြိမ်မြောက် SEA Games Kempo ပြိုင်ပွဲကို အားပေးနေတဲ့ မြန်မာပရိသတ်။ ဒီဇင်ဘာ ၂၀၊ ၂၀၁၃။
မြန်မာနိုင်ငံမှာကျင်းပနေတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပွဲမှာ ထိုင်းအသင်းက အနိုင်ရပြီး ရွှေတံဆိပ်ရ သွားခဲ့ပါတယ်။ ဒီဇင်ဘာ ၂၁ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ အားကစားပြိုင်ပွဲတွေမှာလည်း အိမ်ရှင် မြန်မာနိုင်ငံက တိုက်ကွမ်ဒို၊ ရိုးရာလှေ၊ မွေလက်ဝှေ့ စတာတွေမှာ ရွှေတံဆိပ်တွေ ထပ်ရပြီးတော့ ပြိုင်ပွဲမှာ ရွှေတံဆိပ် ၈၀ ကျော်ရပြီးတော့ ဒုတိယနေရာကို ရောက်လာပါတယ်။ ဆီးဂိမ်းပြိုင်ပွဲနောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။

၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အမျိုးသားဘောလုံးဖိုင်နယ်မှာ ရွှေတံဆိပ် လုခဲ့တာကတော့ အိမ်ရှင်မြန်မာအသင်းနဲ့အတူ တအုပ်စုတည်း ကျခဲ့တဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ပါ။ နေပြည်တော်က ဇေယျာသီရိကွင်းမှာ စနေနေ့က ကစားခဲ့တာမှာ ထိုင်းက အင်ဒိုနီးရှားကို ၁ ဂိုး ဂိုးမရှိ နဲ့ နိုင်ပြီး ရွှေတံဆိပ်ရသွား ပါတယ်။ အုပ်စုပွဲမှာတုန်းကလို ဂိုးမပြတ်ခဲ့ပေမယ့်လည်း ထိုင်းအသင်းဟာ ထိုက်ထိုက်တန်တန် အနိုင်ရသွားတာဖြစ်တယ်လို့ အားကစား ကလောင်ရှင် ဦးမြတ်သက်က ပြောပါတယ်။

“အင်ဒိုနီးရှားကတော့ ကျနော်တို့ မြန်မာကိုနိုင်ပြီး တက်သွားလို့သာ အမှန်မှာ သူ့ခြေစွမ်းက သိပ်အကောင်းကြီးမဟုတ်ပါဘူး။ ဒီပွဲမှာလည်း ကျနော်ကြည့်ရ သလောက်ကတော့ ထိုင်းကပဲ အသာစီးက ကစားသွားတာပါ။ ဘောလုံး ပိုင်ဆိုင်မှုကအစ ထိုးဖောက်တိုက်စစ်ဆင်မှုအပိုင်း အကုန်လုံး ထိုင်းက သာပါတယ်။ တကယ်လည်းနိုင်သင့်ပါတယ်။ ရတာကတော့ ၁ ဂိုးတည်း ရသွားတာပေါ့လေ။ ဗိုလ်လုပွဲဆိုတော့လည်း ထိန်းကစားသွားတာကိုး။

အောင်ပွဲခံနေကြတဲ့ ထိုင်းဘောလုံးအသင်း။ (ဒီဇင်ဘာ ၂၁၊ ၂၀၁၃)
အောင်ပွဲခံနေကြတဲ့ ထိုင်းဘောလုံးအသင်း။ (ဒီဇင်ဘာ ၂၁၊ ၂၀၁၃)

ထိုင်းက ယူ-၂၃ ဆိုပေမယ့် အသင်းကြီးလိုပဲ ခေါင်းအေးတယ်၊ ထိုင်းလူကြီးအသင်းလိုပဲ ဒီကလေးတွေက မြန်မာမြေပေါ်မှာ ကစားတာတောင်မှလေ သူတို့ မတုန်လှုပ်သွားဘူး၊ တည်တည်ငြိမ်ငြိမ်နဲ့ ကစားသွားတယ်။ အဲဒီတခုတော့ ကျနော် ဒီကလေးတွေကို ချီးကျူးပါတယ်။ နောက် အရပ်အမောင်းတွေ ကောင်းတယ်။ ခန္ဓာကိုယ်တည်ဆောက်ပုံတွေက ထိုင်းအမျိုးသမီးအသင်းရော၊ ဥရောပက အသင်းတွေလိုပဲ။”

အစောပိုင်းတုန်းက မြန်မာဘောလုံးပရိသတ်တွေဟာ ဖိုင်နယ်ကို အကြီးအကျယ် အားပေးဖို့ အိပ်မက်ခဲ့ကြပေမယ့် မြန်မာ U-23 အမျိုးသား အသင်းဟာ အုပ်စုမှာ ပြုတ်သွားတာကြောင့် နေပြည်တော် ဇေယျာသီရိကွင်းမှာ ကစားတဲ့ ဖိုင်နယ်ပွဲကို ပရိဿတ် ၃ ထောင်ကျော်ပဲ ကွင်းမှာ ကြည့်ခဲ့ကြပါတယ်။ အုပ်စုမှာတုန်းက မြန်မာအသင်းဟာ ထိုင်းနဲ့ ၁ ဂိုးစီသရေကစားနိုင်ခဲ့ပေမယ့် အင်ဒိုနီးရှားကို ရှုံးပြီး အုပ်စု အဆင့် ကနေ ထွက်လိုက်ရတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၄၄ နှစ် မြန်မာနိုင်ငံမှာ နောက်ဆုံးကျင်းပခဲ့တဲ့ ကျွန်းဆွယ် အားကစားပြိုင်ပွဲမှာတုန်းက မြန်မာနိုင်ငံက ဘောလုံးမှာ ရွှေတံဆိပ်ရခဲ့တာပါ။ အခုတကြိမ်လည်း အိမ်ရှင် အဖြစ်နဲ့ အကောင်းဆုံးအခွင့်အရေးရှိခဲ့ပေမယ့် အုပ်စုကပြုတ်ပြီး တအုပ်စုတည်း ကျခဲ့တဲ့ အသင်းတွေ ဖိုင်နယ်မှာကစားကြတာကို စိတ်ထဲမှာ ဘယ်လိုဖြစ်မိသလဲ ဆိုတာကိုတော့ ဆရာဦးမြတ်သက်က-

“စိတ်ထဲကတော့ စိတ်မကောင်းဘူးပေါ့။ စိတ်မကောင်းဘူးဆိုပေမယ့်လည်း မှန်မှန်ကန်ကန်သုံးသပ်မယ်ဆိုရင် ခြေစွမ်းပိုင်းမှာ အားနည်းတယ်ဗျ။ အင်ဒို နီးရှားနဲ့ပွဲမှာ Daily Eleven မှာ လက်ရွေးစင်ဟောင်း ဆရာဦးအေးမောင်ကြီး ပြောသွားတာ သူကတော့ တော်တော် ပြတ်ပြတ်သားသား ပြောသွားတယ်။ ကလေးတွေကန်သလိုကို ဖြစ်နေတယ်။ ဆရာဦးအေးမောင်ကြီး သုံးသပ်သလိုပဲ ငါ့လက်က ဘောလုံး လွတ်ရင် ပြီးရောဆိုပြီးတော့ ကန်နေတဲ့ ကစားကွက်မျိုး၊ ကစားကွယ်ရယ်လို့လည်း မယ်မယ်ရရမရှိဘူး။”

အစောပိုင်းက ကစားခဲ့တဲ့ တတိယနေရာလုပွဲမှာတော့ စင်ကာပူက ၂၀၁၁ ချန်ပီယံ မလေးရှားကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်ပြီး တတိယရသွားပါတယ်။
ပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားမတိုင်ခင် တရက်အလို ဒီဇင်ဘာ ၂၁ ရက်နေ့က ပြိုင်ပွဲတွေမှာတော့ အိမ်ရှင်မြန်မာနိုင်ငံကလည်း ရွှေတံဆိပ် ၁၄ ခု ထပ်ယူနိုင် ခဲ့ပါတယ်။ တိုက်ကွမ်ဒို အမျိုးသား ၄၆ ကီလိုတန်းမှာ မြန်မာက နွေးနွေးက ရွှေတံဆိပ်ရခဲ့တဲ့အတွက် တိုက်ကွမ်ဒိုအဖွဲ့က မျှော်မှန်းထားတဲ့အတိုင်း ပြိုင်ပွဲမှာ စုစုပေါင်း ရွှေတံဆိပ် ၄ ခုယူပေးနိုင်ခဲ့တယ်လို့ မြန်မာတိုက်ကွမ်ဒိုနည်းပြ ဦးကျော်သန်းဦးက ပြောပါတယ်။

ရိုးရာလှေပြိုင်ပွဲ အယောက် ၂၀ မီတာ ၂,၀၀၀ မှာ အမျိုးသမီးဘက်မှာ မြန်မာက ရွှေတံဆိပ်ရခဲ့ပေမယ့်၊ အမျိုးသားဘက်မှာတော့ ထိုင်းက ပထမရပြီး၊ မြန်မာက ဒုတိယပဲရခဲ့ပါတယ်။ ဒါပေမဲ့ အမျိုးသား၊အမျိုးသမီး အယောက် ၂၀ မီတာ ၂,၀၀၀ မှာတော့ မြန်မာက ရွှေတံဆိပ် ရခဲ့ပါတယ်။ ဒါ့အပြင် ရိုးရာမွေလက်ဝှေ့ ပြိုင်ပွဲတွေမှာလည်း မြန်မာက လှယဉ်မေ၊ မောင်တူး၊ ထွန်းထွန်းမင်းတို့က ရွှေ ၃ ခု၊ အောင်မြင့်ဝင်း ၊ ဂရေစ့် ၊ သူဇာဟန် တို့က ငွေ ၃ ခု နဲ့ ဇင်မာခိုင်က ကြေးတခု ရခဲ့ပါတယ်။

ဂျူဒိုပြိုင်ပွဲမှာလည်း မြန်မာက ဇင်းလင်အောင်၊ အေးအေးအောင် နဲ့ ရန်နိုင်စိုးတို့ ရွှေတံဆိပ် ၃ ခု ၊ ကမ်ပိုပြိုင်ပဲွဲ အမျိုးသားအမျိုးသမီး ၂ ယောက်တွဲမှာ မြန်မာက စိုင်းသာထက်အောင်၊ ရင်မြင့်ဦးတို့က ရွှေတံဆိပ်တခုနဲ့ Chess အာဆီယံ အသင်းလိုက် အမြန်ထိုး မြန်မာအမျိုးသမီး က ရွှေတံဆိပ်တခုရခဲ့သလို အမျိုးသမီး ၁၀ မီတာမှာ ဒိုင်ဗင်မှာ စောလှနန္ဒာနဲ့ နေခြည်စုစုလတ်တို့က ငွေတံဆိပ် ယူပေးနိုင်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့အထိ စုစုပေါင်း ဆုတံဆိပ်အရေအတွက် စာရင်းမှာ ထိုင်းက ရွှေ ၁၀၇ ၊ ငွေ ၉၄ ၊ ကြေး ၈၀ နဲ့ပထမ၊ မြန်မာက ရွှေ ၈၄၊ ငွေ ၆၁ ၊ ကြေး ၈၅ နဲ့ ဒုတိယ၊ ဗီယက်နမ် ရွှေ ၇၃ ၊ ငွေ ၈၅ ၊ ကြေး ၈၆ နဲ့ တတိယနေရာမှာရှိနေပြီး၊ အင်ဒိုနီးရှားက ရွှေ ၆၄ ခု၊ မလေးရှားက ၄၃ ခု၊ စင်ကာပူက ၃၄ ခု ရထားပါတယ်။ အခုလို မြန်မာနိုင်ငံက ပြိုင်ပွဲမှာ ဒုတိယနေရာမှာ ရပ်တည်နေနိုင်တာကို ဂုဏ်ယူတယ်လို့ ဆရာမြတ်သက်က ပြောပါတယ်။

“ဒီဟာကတော့ ဂုဏ်ယူရမှာပဲ ၊ ကိုယ့်တိုင်းပြည်မှာလုပ်တယ်၊ ကျနော်တို့ အားကစားသမားလေးတွေ အခက်အခဲအမျိုးမျိုးကြားက ရွှေတံဆိပ် ၈၀ ကျော် ဆွတ်ခူးတယ်။ မျှော်မှန်းသလိုတော့ နိုင်ငံအလိုက် ပထမ မရဘူး ၊ သို့သော် အားကစားသမားဆိုတာက သွေး၊ ချွေး အများကြီး ရင်းပြီးတော့မှ စွန့်လွှတ်မှုတွေ အများကြီးလုပ်ပြီးတော့မှ အားကစားသမားတစ်ယောက်ဖြစ်တာလေ။ အဲဒီ အားကစားသမား တစ်ယောက် အနေနဲ့ ရွှေ ရဖို့ဆိုတာကတော့ အင်မတန်ကို ခက်ခဲတဲ့ ကိစ္စပါ။ ဒီအတွက်တော့ ကျနော် အားကစားသမားလေးတွေကိုလည်း အများကြီး ချီးကျူးတယ်၊ သူတို့ကိုယ်စား ဂုဏ်လည်းဂုဏ်ယူတယ်။ နောက် ဘာပဲပြောနေနေပေါ့လေ အားကစားမှာ တာဝန်ရှိတဲ့လူတွေအနေနဲ့လည်း ဒီလို ရွှေ ၈၀ ကျော်ရတဲ့အထိ ဆောင်ရွက်ပေးနိုင်တဲ့အတွက် ဒါသူတို့ိကိုလည်း ကျနော်တို့ ချီးကျူးရမှာပဲ။ တခုပဲ ၂၀၁၅ စင်ကာပူ ဆီးဂိမ်းမှာလည်း ဒီအောင်မြင်မှုနဲ့ တန်းတူမဟုတ်တောင် ဒီအောင်မြင်မှုရဲ့ တဝက်ရရင်တောင် ကျနော် ဝမ်းသာမှာပါ။”

ဘော်လီဘောပြိုင်ပွဲမှာတော့ ထိုင်းနိုင်ငံက အမျိုးသားမှာရော၊ အမျိုးသမီးမှာ ရွှေတံဆိပ်တွေရခဲ့သလို ဖူဆယ်ဘောလုံးပြိုင်ပွဲလည်း ထိုင်းက အမျိုးသားမှာရော အမျိုးသမီးမှာပါ ရွှေတံဆိပ်တွေရသွားတာကြောင့်၊ ဘောလုံးပွဲတွေမှာ ထိုင်းက ပြိုင်ပွဲအားလုံးမှာ ဗိုလ်စွဲသွားတယ်လို့ ပြောရမှာဖြစ်ပါတယ်။

စားပွဲတင် တင်းနစ်ပြိုင်ပွဲ တဦးချင်းမှာတော့ စင်ကာပူက အမျိုးသားရော အမျိုးသမီးရော အနိုင်ရသွားခဲ့ပါတယ်။

ဒီကနေ့ ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ပိုက်ကျော်ခြင်းဗိုလ်လုပွဲတွေနဲ့ ဒိုင်ဗင်ပြိုင်ပွဲတွေကို ကျင်းပသွားမှာဖြစ်ပြီး ညနေပိုင်းမှာတော့ ၂၇ ကြိမ်မြောက် ပိတ်ပွဲအခမ်းအနားကို နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းကြီးမှာ ကျင်းပမှာဖြစ်ပါတယ်ခင်ဗျာ။
သုဝဏ္ဏကစားကွင်းအတွင်း ကမ်ပိုပြိုင်ပွဲကို အားပေးနေကြတဲ့ မြန်မာကျောင်းသားများ။
သုဝဏ္ဏကစားကွင်းအတွင်း ကမ်ပိုပြိုင်ပွဲကို အားပေးနေကြတဲ့ မြန်မာကျောင်းသားများ။
XS
SM
MD
LG