သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့အမှုတွဲ Sean Turnell အတွက် တရားခွင်မှာ စကားပြန်ထားပေး


စီးပွါးရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်
စီးပွါးရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်

{{Zawgyi/Unicode}}

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell အပြင် NLD အစိုးရလက်ထက်က စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးတွေအပေါ် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မနဲ့ တရားစွဲထားတဲ့အမှုကို နေပြည်တော် အထူးတရားရုံးမှာ ဒီနေ့ အောက် တိုဘာ ၂၈ ရက်မှာ ဆက်လက် စစ်ဆေးကြားနာခဲ့ပါတယ်။ ဒီနေ့ကြားနာပွဲမှာ Sean Turnell အတွက် စကားပြန်တယောက် တရားရုံးက ထားပေးခဲ့ပါတယ်။ အမှုသည်နဲ့ ရှေ့နေတွေ သီးခြားတွေ့ဆုံဖို့အတွက်တော့ သက်ဆိုင်ရာ အကျဉ်းထောင်ကနေ လျှောက်ထားဖို့ တရားရုံးက အမိန့်ချပါတယ်။ ဒီနေ့ ကြားနာစစ်ဆေးပွဲအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၅ ယောက်အပေါ် စစ်ကောင်စီက တရားစွဲထားတဲ့ နိုင်ငံတော်လျှို့ဝှက်အက်ချိုးဖောက်မှုကို နေပြည်တော် အထူးတရားရုံးမှာ ဒီနေ့ အောက်တိုဘာ ၂၈ ရက်မှာ ၅ ကြိမ်မြောက် ဆက်လက်ကြားနာစစ်ဆေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပြင် အမှုတတွဲတည်း တရားစွဲခံရတဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် Sean Turnell ၊ NLD အစိုးရလက်ထက် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးတွေဖြစ်ကြတဲ့ ဦးကျော်ဝင်း၊ ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးဆက်အောင်တို့ကိုလည်း ဒီနေ့ ရုံးထုတ်ပါတယ်။

ဒီနေ့ကြားနာပွဲအတွင်းမှာတော့ စီးပွားရေးပညာရှင် Turnell အတွက် ပညာရေးဌာနက စကားပြန်တယောက်ထားပေးတယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။ အမှုသည်နဲ့ ရှေ့နေတွေ သီးသန့်တွေ့ဆုံနိုင်ဖို့အတွက်တော့ သက်ဆိုင်ရာ အကျဉ်းထောင်တွေမှာ လျှောက်ထားဖို့ တရားရုံးက အမိန့်ချခဲ့တယ်လို့ ရှေ့နေတဦးကပြောပါတယ်။

"ကျနော်တို့ဒီနေ့လုပ်တဲ့အပိုင်းကလေ စကားပြန်ကိစ္စနဲ့ပတ်သက်လို့ ပညာရေးဝန်ကြီးဌာနက ခန့်ပေးတယ်။ ရုံးချိန်းမှာပါတယ်။ အမှုသည်နဲ့တွေ့ဖို့ကိစ္စကတော့ သက်ဆိုင်ရာအကျဉ်းထောင်မှာ စာတင်ပြီးတော့ တွေ့ဆုံဖို့အမိန့်ချပေးတယ် ဒါပါပဲ။ သီးသန့်တွေ့ဖို့က တရားရုံးက သက်ဆိုင်ရာ အကျဉ်းထောင်မှာတွေ့ဖို့ စာတင်ဖို့အမိန့်ချပေးတာပေါ့။ ကျန်တဲ့ကိစ္စမရှိသေးပါဘူး။ လာမယ့် ၁၁ ရက်ကို ရုံးချိန်းပေးတယ်။ နိုဝင်ဘာ ၁၁ ပါ။ ကျနော်က ခုလောလောဆယ်မှာ ၂ မှု စလုံးသာ တပြိုင်နက်သွားတုန်းပဲ ရှိသေးတာ။ စစစ်တဲ့ချိန်ကျမှသူတို့အချိန်ခွဲမလား။ တရားလိုသက်သေမတူလို့လေ။ ခုလောလောဆယ်က instruction ယူနိုင်ဖို့ပဲ ရှိသေးတာပေါ့။ ကျန်တဲ့ကိစ္စကတော့ ဒါပြီးမှဆက်သွားမှာပေါ့။"

ဒေါ်အောင်ဆန်းစုကြည်ကလွဲလို့ Sean Turnell ၊ ဦးကျော်ဝင်း၊ ဦးစိုးဝင်း၊ ဦးဆက်အောင်တို့ကို နေပြည် တော်အကျဉ်းထောင်မှာ ချုပ်ထားပြီး အမှုစစ်ဆေးနေတာဖြစ်ပါတယ်။ အမှုလိုက်ရှေ့နေတွေအနေနဲ့ တရားစွဲခံထားရသူတွေနဲ့ ကြားနာပွဲရှိတဲ့နေ့ ရုံးချိန်းမတိုင်ခင် အချိန်နာရီဝက်လောက်သာ တွေ့ဆုံ တိုင် ပင်ချိန်ရတာမို့ အသေအချာ တွေ့ဆုံနိုင်ဖို့ ရှေ့နေတွေဘက်က ပြီးခဲ့တဲ့ရုံးချိန်းတွေထဲက စာတင်လျှောက်ထား တောင်းဆိုထားကြပါတယ်။

Sean Turnell ကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုအပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့လည်း စစ်ကောင်စီက တရားစွဲထားပါတယ်။ အဲဒီနှစ်မှုလုံးကို နေပြည်တော် အထူးတရားရုံးမှာ ပြောင်းရွှေ့ စစ်ဆေးနေတာပါ။ ကြားနာပွဲမစခင် နာရီဝက်လောက် တွေ့ဆုံနိုင်တယ်လို့ တရားသူကြီးက ပြောပေမဲ့ ရှေ့နေတွေဘက်က အချိန်လောက်လောက်ငင ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

Sean Turnell အမှုတွေကို Australia သံရုံးကတာဝန်ရှိသူတွေ တရားခွင်မှာ လာရောက်နားထောင်နိုင်ဖို့ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေကြောင့် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီနေ့ လည်း တရားရုံးကို မလာနိုင်ကြပါဘူး။ နေပြည်တော်အပါအဝင် မြို့နယ်တော်တော်များများမှာတော့ ဒီနေ့ကစ Stay at Home သတ်မှတ်ချက် ဖယ်ရှားပေးလိုက်တဲ့အတွက် နောင်ရုံးချိန်းတွေမှာ သံရုံးတာဝန်ရှိသူတွေ လာရောက်နိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

"ဝင်ထွက်ခွင့်ကိစ္စနဲ့ပတ်သက်ပြီးဆောင်ရွက်တုန်းပဲ ရှိသေးတယ်ဗျ။ ကျန်တဲ့ကိစ္စတော့ ဘာမှမသိရသေးဘူး။ သူတို့ဒီကိစ္စနဲ့ပတ်သက်လို့ သွားလို့လာလို့ရတယ်၊ ဝင်လို့ထွက်လို့ရတယ်ဆိုတဲ့ညွှန်ကြားချက်မရသေးဘူးထင်တယ်။ အဲဒါရမှ အထူးတရားရုံးက ဆက်ဆောင်ရွက်မယ်ဆိုတာ သူတို့တင်ထားတဲ့ ပေါ် မူတည်ဆက်ဆောင်ရွက်သွားမှာပါ။"

မစ္စတာရှောင်တာနယ်လ်ရဲ့ လက်ပ်တော့ထဲမှာတွေ့ရတဲ့ စာရွက်စာတမ်းတွေဟာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်ရာရောက်တယ်ဆိုပြီး စွပ်စွဲ တရားစွဲထားတာဖြစ်ပါတယ်။ Sean Turnell အပေါ် စစ်ကောင်စီက တရားစွဲထားတာနဲ့ပတ်သက်လို့ သြစတြေးလျ အစိုးရဘက်က မျှတတဲ့ တရားစီရင်မှု ရနိုင်ခြေအပေါ် သံသယဖြစ်ရကြောင်း ထုတ်ဖော်ပြောဆိုထားသလို သြစတြေးလျအစိုးရအနေနဲ့ ပါမောက္ခ Turnell ရဲ့ အမှုနဲ့ပတ်သက်ပြီး တရားရုံးချိန်းတိုင်းကို တက်ရောက်ခွင့် ရဖို့ရော၊ အချိန်မီ အကြံပေးခွင့်ရဖို့ပါ တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၇ ရက်က အာဆီယံခေါင်းဆောင်တွေနဲ့ပြုလုပ်တဲ့ သြစတေးလျ-အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ သြစတေးလျဝန်ကြီးချုပ် Scott Morrison ကဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စီးပွားရေးအကြံပေး ပါမောက္ခရှောင်တာနယ်လ်ကို လွှတ်ပေးဖို့ထပ်ပြီးတောင်းဆိုထားပါတယ်။

အသက် ၅၇ နှစ်အရွယ် ပါမောက္ခ Turnell ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွါးရေးအကြံပေးအဖြစ် လုပ်ဆောင်ခဲ့ပြီး ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီး ၅ ရက်အကြာမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


=================

{{Unicode}}















=================

XS
SM
MD
LG