သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး မလေးရှားလေယာဉ် နယ်မြေတိုးချဲ့ရှာဖွေ


ပျောက်ဆုံးနေတဲ့ မလေးရှားနိုင်ငံ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ကို ရှာဖွေနေခဲ့ကြတာ အခုဆိုရင် ၁၁ ရက်တိတိ ရှိခဲ့ပါပြီ။ နိုင်ငံပေါင်း ၂၆ နိုင်ငံက စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေ ဝိုင်းဝန်းပြီး ရှာဖွေနေကြပေမဲ့ တွေ့ဖို့လမ်းစ မမြင်ရသေးပါဘူး။

ခရီးသည် ၂၃၉ ဦးလိုက်ပါသွားတဲ့ ဘိုးရင်း ၇၇၇ လေယာဉ်ကို ရှာဖွေနေတဲ့ အကျယ်အဝန်းကို စတုရန်းမိုင်ပေါင်း ၂ သန်းကျော်အထိ တိုးချဲ့ပြီး ဆောင်ရွက် နေကြတဲ့အကြောင်း မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီနယ်မြေ အကျယ်အဝန်းဟာ သြစတြေးလျတိုက် အကျယ်အဝန်းလောက်ရှိပြီး အာရှတိုက် အလယ်ပိုင်းကနေ တောင်ဘက် အလွန်ကျယ်ပြောတဲ့ အိန္ဒိယသမုဒ္ဒရာအထိ ရှိပါတယ်။

အရင်တုန်းက ရရှိထားပြီးသား သတင်းအချက်အလက်ဖြစ်တဲ့ အဲဒီလေယာဉ်ဟာ မတ်လ ၈ ရက်နေ့ မနက်စောစောပိုင်း နောက်ဆုံး အဆက်အသွယ် ရရှိခဲ့တဲ့ မလေးရှားနိုင်ငံရဲ့ မြောက်ဘက်ကနေ အနောက်ဘက် မလက္ကာရေလက်ကြားကို ထောင့်ဖြတ် ချိုးကွေ့သွားတယ်လို့ ထိုင်းနိုင်ငံ စစ်ဖက်ဆိုင်ရာ ရေဒါမှတ်တမ်းမှာ တွေ့ရှိရကြောင်း ထိုင်းနိုင်ငံက အင်္ဂါနေ့မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

လေယာဉ်ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ထွက်ခွာသွားတာပါ။ ထိုင်းစစ်ဖက်ဆိုင်ရာ ရေဒါက မလေးရှား ခရီးသည်တင် လေယာဉ်အမှတ် ၃၇၀ လို့ ယူဆရတဲ့ လေယာဉ်တစင်း ပျံသန်းနေတာကို ဖမ်းယူ တွေ့ရှိခဲ့ပေမဲ့ အဲဒီလေယာဉ်ဟာ ထိုင်းနိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှု ပြုလုပ်နိုင်ဖွယ် မရှိတာကြောင့် အလေးဂရု မထားခဲ့ကြောင်း ထိုင်းအစိုးရက ပြောပါတယ်။

မလေးရှား ကာကွယ်ရေးဝန်ကြီးကတော့ ပျောက်ဆုံးနေတဲ့ ခရီးသည်တင် လေယာဉ် ရှာဖွေရေးကိစ္စကို နိုင်ငံတကာကနေ ပိုမို ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အခုချိန်အထိ အာဏာပိုင်တွေအနေနဲ့ ဒီလေယာဉ်ဟာ အပိုင်စီးခံရတာလား၊ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုလား၊ စက်ပိုင်းဆိုင်ရာ ချို့ယွင်းသွားတာလား၊ လေယာဉ်မောင်းသူက ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်မှုလား ဆိုတာကို တိတိကျကျ ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။
XS
SM
MD
LG