သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသင်္ဘောသား ပါရှိတဲ့ မလေးရှား သင်္ဘောပြန်ပေးဆွဲ ခံရတာဖြစ်နိုင်


တောင်တရုတ် ပင်လယ်အတွင်းက ငါးဖမ်းလှေများ
တောင်တရုတ် ပင်လယ်အတွင်းက ငါးဖမ်းလှေများ

ပျောက်ဆုံးနေတာ တပတ်ကြာလာနေပြီး ပင်လယ်ဓားပြတွေပေါ တဲ့ တောင်တရုတ် ပင်လယ်ပြင်မှာ ပြန်ပေးဆွဲခံရတာ ဖြစ်နိုင်တယ်လို့ စိုးရိမ်နေရတဲ့ ကုန်တင်သင်္ဘောတစင်းကို မလေးရှားအာဏာပိုင်တွေ မနေ့ ကြာသပတေးနေ့က လိုက်လံရှာဖွေနေကြပါတယ်။

မလေးရှားမှတ်ပုံတင် သင်္ဘောဟာ Sarawak ပြည်နယ် ကမ်းရိုးတန်းတလျှောက်ကို ခုတ်မောင်းနေစဉ် ပြီးခဲ့တဲ့ ကြာသပတေး နေ့က ကုမ္ပဏီနဲ့ အဆက်အသွယ် ပြတ်တောက် သွားခဲ့တာ ဖြစ်တယ်လို့ - ပြည်နယ်ကမ်းခြေစောင့်အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး Ismaili Bujang Pit ကို ကိုးကားပြီး Channel News Asia သတင်းက ဖော်ပြခဲ့ပါတယ်။

သံထည်ပစ္စည်းတွေ၊ ပိုက်လုံးတွေ၊ စားသောက်ကုန်တွေကို ပစ္စည်းမျိုးစုံ တင်ဆောင်လာတဲ့ MV Sah Lian သင်္ဘောဟာ Sarawak ပြည်နယ် မြို့တော် Kuching ကနေ လင်ဘန်းမြို့ကို ခုတ်မောင်းပြီး - သင်္ဘောပေါ်မှာ မြန်မာ၊မလေးရှား၊ အင်ဒိုနီးရှားနဲ့ အိန္ဒိယ နိုင်ငံသားတွေ အပါအဝင် သင်္ဘောသား ၁၄ ဦး လိုက်ပါခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

MV Sah Lian သင်္ဘောဟာ ပြန်ပေးဆွဲခံခဲ့ရပြီး မလေးရှားရေပိုင်နက် အပြင်ဘက်ကို ခေါ်ထုတ်သွားတာ ဖြစ်နိုင်သလို နာတူနာကျွန်းစုအနီး အင်ဒိုနီးရှားရေပိုင်နက်အတွင်းမှာ ရှိနေနိုင်တယ်လို့လည်း ရေတပ်ဗိုလ်ချုပ်ကြီး Ismaili က ပြောဆိုခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံပိုင် နာတူနာကျွန်းစုဟာ မလေးရှားနိုင်ငံနဲ့ ဘိုနီယိုကျွန်း အကြားက တောင်တရုတ်ပင်လယ်တွင်းမှာ ရှိပါတယ်။လတ်တလော မလေးရှား ရေကြောင်းထိန်းသိမ်းရေး အေဂျင်စီပိုင် မော်တော်ယာဉ် ၃ စင်းဟာ ပျောက်ဆုံးနေတဲ့ ကုန်တင်သင်္ဘောကို လိုက်လံရှာဖွေနေပြီး - ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေဆီကနေလည်း လိုအပ်တဲ့ အကူအညီတွေ ကို တောင်းခံထားပါတယ်။

အခုအခါ အရှေ့တောင်အာရှဒေသဟာ ကမ္ဘာပေါ်မှာ ပင်လယ်ဓားပြအန္တရာယ် အဆိုးရွားဆုံး ဒေသတခု ဖြစ်လာနေပြီး - ဒီပြဿနာကို ထိန်းချုပ်နိုင်ဖို့ ဒေသတွင်းက အစိုးရတွေအနေနဲ့ ပြတ်ပြတ်သားသား အရေးယူကိုင်တွယ်မှုတွေ လုပ်ဆောင်သင့်ပြီလို့လည်း လန်ဒန် အခြေစိုက် နိုင်ငံတကာ ရေကြောင်းထိန်းသိမ်းရေးဗျူရိုက တိုက်တွန်းထားပါတယ်။

XS
SM
MD
LG