သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယပင်လုံညီလာခံ ခေါ်နိုင်ရေး အစီအစဉ်အဆင့် ၃ ရပ် ချမှတ်


A church is surrounded by blossoming fields of oilseed rape at the village of Strupcice, near the city of Most, Czech Republic.
A church is surrounded by blossoming fields of oilseed rape at the village of Strupcice, near the city of Most, Czech Republic.

ဒုတိယပင်လုံညီလာခံ ခေါ်နိုင်ရေးအတွက် အဆင့် ၃ ဆင့်ခွဲ လုပ်ဆောင်မှာဖြစ်ပြီး ပထမအဆင့်ကို လာမယ့် ဇန်နဝါရီလ ၂၈ ရက်နေ့မှာ စတင်အကောင်အထည်ဖော်ဖို့ ဒီကနေ့ NLD ရုံးချုပ်မှာပြုလုပ်တဲ့ CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီရဲ့ လစဉ် ပုံမှန်အစည်းအဝေးအတွင်း ဆုံးဖြတ်လိုက်ကြပါတယ်။ ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးအတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၄ ရက်နေ့က ကလေးမြို့မှာ NLD အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဒုတိယအကြိမ်မြောက် ပင်လုံညီလာခံခေါ်ယူပြီး တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံး သဘောတူညီချက် ရဖို့အတွက် လုပ်ဆောင်တဲ့နေရာမှာ အဆင့် ၃ ဆင့်ခွဲ လုပ်ဆောင်သွားဖို့ ဒီကနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ NLD ရုံးချုပ်မှာပြုလုပ်တဲ့ CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီရဲ့ လစဉ် ပုံမှန်အစည်းဝေးအတွင်း ဆုံးဖြတ်ခဲ့ကြတယ်လို့ CRPP အတွင်းရေးမှူးလည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးအေးသာအောင်က ပြောပြပါတယ်။

“ပထမတဆင့်မှာ ကျနော်တို့ ၁၉၄၇ ခုနှစ်က ကျင်းပခဲ့တဲ့ ပင်လုံနဲ့ ပင်လုံစာချုပ်အကြောင်းကို ဟောပြောပွဲလုပ်မယ်။ ဒုတိယတဆင့်ကတော့ ပင်လုံစိတ်ဓါတ်၊ ပြည်ထောင်စုစိတ်ဓါတ်ကို ဘယ်လို ဖော်ဆောင်မလဲ။ နောက်တဆင့်ကတော့ အားလုံး အဖွဲ့အစည်းပေါင်းစုံနဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့ ပင်လုံသဘောတူညီချက်တခုကို ဘယ်လိုရယူနိုင်မလဲ ဆိုတာတွေကို ကျနော်တို့ ဆွေးနွေးကြပါတယ်။”

ဒီအဆင့် ၃ ဆင့်စလုံးကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အဲန်ကယ်လ်တို့အနေနဲ့ အချိန်အားဖြင့် ဘယ်လောက်ကြာမယ်ဆိုတာမျိုး သတ်မှတ်ထားတာ ရှိပါသလားခင်ဗျ။ -

“အချိန်အားဖြင့်တော့ ကျနော်တို့ကတော့ အတတ်နိုင်ဆုံး အမြန်ဆုံး ဆောင်ရွက်ဖို့အတွက် ကြိုးစားသွားဖို့ရှိပါတယ်။ ဒါပေမဲ့ အချိန်ကိုတော့ ဘယ်လောက်အတွင်းမှာ ဆိုတာကိုတော့ ကျနော်တို့ မဆုံးဖြတ်ရသေးပါဘူး။”

အချိန်အတိအကျ ပြောဖို့တော့ ခက်တာပေါ့လေ။ ဒါပေမဲ့ အဲန်ကယ်လ်တို့ စိတ်ထဲမှာ ၃ လကြာမယ်၊ ၅ လကြာမယ်။ ဒါမှမဟုတ်လည်း ၁ နှစ်ကြာမယ်၊ အဲဒီလိုမျိုး စိတ်ထဲမှာ မှန်းထားတာများ ရှိပါသလားခင်ဗျာ။ -

“ဒီလိုတော့ မှန်းထားတာမရှိပါဘူး။ ဒါပေမဲ့ အမြန်ဆုံး အကောင်အထည် ဖော်နိုင်အောင်တော့ ကျနော်တို့ ကြိုးပမ်းသွားမှာပါ။ ပထမအဆင့်ကိုတော့ ကျနော်တို့ ပြည်ထောင်စုနေ့မတိုင်ခင်ပဲ လုပ်မှာပါ။ အဲဒါကတော့ ၂၈ ရက်နေ့မှာ ကျနော်တို့ ဟောပြောပွဲတခု လုပ်မှာပါ။ အဓိကကတော့ တိုင်းရင်းသားခေါင်းဆောင်တွေက ဦးဆောင်ပြီးတော့ ဟောပြောမယ်။ ဒါပေမဲ့ ဟောပြောယုံသက်သက် မဟုတ်ဘဲနဲ့ ဆွေးနွေးတဲ့ပုံစံမျိုးဖြစ်အောင် ကျနော်တို့ လုပ်မှာပါ။”

လုပ်ရင်လည်း NLD ရုံးမှာပဲ လုပ်ဖြစ်မယ်ထင်ပါတယ်။ ဟုတ်ပါသလား။ -

“ဟုတ်ပါတယ်။ NLD ရုံးမှာလုပ်ဖြစ်မှာပါ။”

အဲန်ကယ်လ်တို့အနေနဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကိုလည်း ကျင်းပဖို့ ပြင်ဆင်နေတယ်ဆိုတော့ ပထမအဆင့် ပြီးတဲ့နောက်မှာ ပြည်ထောင်စုနေ့ကလည်း ကျနေတော့ ပြည်ထောင်စုနေ့ အခမ်းအနား လုပ်တဲ့အခါမှာလည်း ဒုတိယပင်လုံ ညီလာခံဖြစ်မြောက်ရေးကို အထောက်အကူပြုစေမယ့်ပုံစံမျိုး သက်ရောက်စေမယ့် အခမ်းအနားမျိုးသားခင်ဗျ။ ဘယ်လိုစီစဉ်ထားပါသလဲ။ -

“ဟုတ်ပါတယ်။ တဆင့်စီတဆင့်စီတိုင်းမှာ ကျနော်တို့က ရည်မှန်းချက်ကို ဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီးတော့ လုပ်တာပါ။ ပြည်ထောင်စုနေ့မှာလည်းပဲ ကြေညာချက်လည်း ထုတ်မယ်။ ပြီးတော့ ပြည်ထောင်စုစိတ်ဓါတ်ကို ဖော်ပြနိုင်တဲ့ စာတမ်းလေးတစောင် ထွက်ပေါ်နိုင်အောင် ကျနော်တို့ ကြိုးပမ်းမှာပါ။”

ပြည်ထောင်စုနေ့ထုတ်မယ့်စာတမ်းက CRPP အနေနဲ့ ထုတ်မှာလားခင်ဗျ။ -

“ဟုတ်ပါတယ်။ CRPP အနေနဲ့ထုတ်မှာပါ။”

တခုရှိတာက တဖက်မှာ စစ်အစိုးရသတင်းစာအာဘော်တွေကလည်း အခုလို ဒုတိယပင်လုံ ညီလာခံခေါ်မယ့်ကိစ္စနဲ့ပတ်သက်ပြီး တိုက်ခိုက်တာတွေ ဝေဖန်ရေးသားတာတွေ အခုနောက်ပိုင်း တော်တော်လေးလုပ်လာတာ တွေ့ရပါတယ်။ အဲဒီဟာနဲ့ပတ်သက်လို့ရော အဲန်ကယ်လ်တို့အနေနဲ့ ဒီနေ့အစည်းအဝေးမှာ ပြောဆိုဆွေးနွေးကြတာ ရှိပါသလား။ -

“ဟုတ်ပါတယ်။ ဆွေးနွေးဖြစ်ပါတယ်။ ဒါတွေကတော့ ရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ရဲ့ ရည်ရွယ်ချက်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအပေါ်မှာ ထားတဲ့စိတ်ဓါတ်၊ ပြီးတော့ ကျနော်တို့ရဲ့ ရှေ့ကိုသွားမယ့်ရည်မှန်းချက်ကို တမျိုးတမည်ပေါ့ တိုက်ခိုက်ဖို့ရည်ရွယ်တဲ့သဘောနဲ့ ရေးတဲ့ ဆောင်းပါးတွေလည်း နောက်ထပ်လည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒါက အဓိကမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ သွားမယ့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်မယ့် အရေးကြီးတဲ့အချက်ကို မေးကြတဲ့အခါမှာ သူတို့တွေလည်း နားလည်လာမှာပါ။”

ဒါပေမဲ့ အခုခေါ်မယ့် ဒုတိယပင်လုံညီလာခံဟာ စစ်အစိုးရကိုလိုလားတဲ့သူတွေ ပြောနေကြတာက သူတို့သွားနေတဲ့ ပြည်ထောင်စု စည်းလုံးညီညွတ်ရေးကို ပြိုကွဲအောင် တမင်လုပ်တာလို့ပြောကြတဲ့သူတွေ ရှိသလို ဒီမိုကရေစီအင်အားစုတွေ ကြားထဲမှာလဲ အခုလို ဒုတိယပင်လုံညီလာခံခေါ်တာဟာ ကောင်းတော့ကောင်းပါတယ်၊ ဒါပေမဲ့ အချိန်အခါ လွဲနေတယ်လို့ ပြောဆိုသံတွေကလည်း ရှိနေပါတယ်။ အဲဒီလို ပြောဆိုနေကြတဲ့အပေါ်မှာရော အဲန်ကယ်လ်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ -

“ကျနော့်အမြင်ကတော့ တိုင်းရင်းသား သွေးစည်းညီညွတ်ရေးကို ဖော်ဆောင်ဖို့ ကျနော်တို့ ကြိုးပမ်းတာပါ။ အဓိကက ကျနော်တို့ ပြည်ထောင်စုကြီး ခိုင်မာလာဖို့ တိုင်းရင်းသားများရဲ့ သွေးစည်းညီညွတ်ရေးကို ဖော်ဆောင်နိုင်ဖို့အတွက် အားထုတ်တဲ့ ကြိုးပမ်းတဲ့ကြိုးပမ်းချက်ပဲ ဖြစ်ပါတယ်။ အဲဒီတော့အမြင် အမျိုးမျိုးနဲ့ ကျနော်တို့ကို ဆန့်ကျင်ပြီးတော့ ပြောတာရေးတာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လွတ်လပ်ရေးရတာ အနှစ် ၆၀ ကျော်ပြီ။ အဓိက တိုင်းရင်းသား သွေးစည်းညီညွတ်ရေးက မဖော်ဆောင်နိုင်သေးဘူး။ ဆိုတော့ ဒါကို အဓိက ဖော်ဆောင်နိုင်ဖို့အတွက် ကြိုးပမ်းချက်ပဲ ဖြစ်ပါတယ်။”

ဒုတိယပင်လုံညီလာခံ ခေါ်ယူနိုင်ရေးအတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၄ ရက်နေ့က ကလေးမြို့ ဇိုမီးကွန်ဂရက်ရဲ့ (၂၂) နှစ်မြောက် အခမ်းအနားမှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ အပါအဝင် ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးကိစ္စနဲ့ပတ်သက်လို့ ဒါဟာ စစ်အစိုးရ အာဏာပိုင်တွေကို ထိပ်တိုက်တွေ့တဲ့ လုပ်ရပ်ဆိုပြီး တရားဝင်နိုင်ငံရေး ပါတီတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့ကတော့ လတ်တလော မဖြစ်နိုင်သေးဘူးလို့ တုံ့ပြန်ကြတာတွေ ရှိပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒုတိယပင်လုံညီလာခံကိစ္စဟာ အာဏာပိုင်တွေနဲ့ ထိပ်တိုက်တွေ့ဖို့မဟုတ်ဘဲ တကယ်လိုအပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။

CRPP အဖွဲ့ဝင် ၁၈ ဦးရှိတဲ့အထဲက ဒီကနေ့ အစည်းဝေးကို အဖွဲ့ဝင် ၁၁ ယောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ကျန်မတက်နိုင်သူတွေကတော့ ကျန်းမာရေး မကောင်းသူတွေ၊ ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေနဲ့ ကွယ်လွန်သွားသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

XS
SM
MD
LG