မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစုတွေကြား ပြည်ထောင်စုစိတ်ဓါတ် အပြည့်အ၀ရှိကြဖို့ ဒီကနေ့ဟာ အရေးကြီးဆုံး အချိန်ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့ကြောင့် နိုင်ငံမှာ ဒုတိယပင်လုံညီလာခံတခု လိုအပ်နေတယ်လို့လည်း NLD ပါတီရဲ့ (၆၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သလို တခြားနိုင်ငံရေးပါတီ အင်အားစုတွေနဲ့ နိုင်ငံတ၀ှမ်း ဒီကနေ့ ကျင်းပကြတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားအကြောင်းတွေကိုတော့ မသင်းသီရိက စုစည်းတင်ပြထားပါတယ်။
ဒီကနေ့ကျရောက်တဲ့ (၆၄) နှစ်မြောက်ပြည်ထောင်စုနေ့မှာ အားလုံးဟာ ပိုပြီး ညီညွတ်ကြဖို့နဲ့ တဦးအပေါ်တဦး နားလည်မှုရှိပြီး စည်းလုံးမှုရှိကြဖို့ အခုချိန်မှာ အရေးကြီးဆုံးပဲလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီရုံးချုပ်မှာ ဒီကနေ့ပြုလုပ်တဲ့ ပြည်ထောင်စုနေ့အခမ်းအနားတွင်း အဓိက တိုက်တွန်းခဲ့တယ်လို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကပြောပါတယ်၊
“အရေးကြီးဆုံးက ပြည်ထောင်စုစိတ်ဓါတ်ပဲ။ ပြည်ထောင်စုစိတ်ဓါတ်ဆိုတာ တိုင်းရင်းသားအားလုံး မြန်မာအပါအ၀င် ညီညီညွတ်ညွတ်နဲ့ တဦးအပေါ်တဦးနားလည်ပြီးတော့ စိတ်အေးချမ်းသာ နေထိုင်နိုင်ဖို့ အဲဒါက ပြည်ထောင်စုစိတ်ဓါတ်ပဲ။ အဲဒါ အရေးကြီးဆုံးပဲ။ ဒေါ်စုလည်း အဲဒါကို ဒီကနေ့ ပြောသွားပါတယ်။ ဒုတိယပင်လုံညီလာခံက လိုအပ်နေတယ်။ ဘာဖြစ်လို့လိုအပ်နေလဲ၊ အခု တိုင်းရင်းသား စည်းလုံးညီညွတ်မှုက မရှိဘူးလို့ ကျနော်တို့ မြင်တယ်။ မရှိဘူးဆိုတာလည်း အလွန် ရာခိုင်နှုန်းအားဖြင့် တော်တော်များပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပစ်တာတွေရော၊ နိုင်ငံရေးအရလည်း ဘာတခုမှ မဖြေရှင်းရသေးဘူး။ အဲဒါကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာ လိုအပ်နေတယ်။ ပြည်ထောင်စုစိတ်ဓါတ် လိုအပ်နေတယ်လို့ ကျနော်တို့ ပြောရခြင်းဖြစ်ပါတယ်။”
NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။ မနက်ပိုင်းက NLD အဖွဲ့ချုပ်မှာ ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပသလို ညနေပိုင်းမှာလည်း တိုင်းရင်းသား အစားအစာတွေနဲ့ ဧည့်ခံတဲ့ ညစာစားပွဲတခုကိုလည်း ပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ် နုနယ်သေးတဲ့အတွက် တိုင်းရင်းသားအားလုံး ၀ိုင်းဝန်းစောင့်ထိန်းဖို့ လိုတယ်လို့ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူရဲ့ပြည်ထောင်စုနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့သလို အစိုးရသစ်ရဲ့ ပထမဆုံး ပြည်ထောင်စုနေ့ အခမ်းအနားကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်၊
ဒါပေမဲ့ မြန်မာနိုင်ငံဟာ အခုအချိန်မှာ အဖက်ဖက်က ချွတ်ခြုံကျနေပြီး အကျပ်အတည်း အခက်အခဲအမျိုးမျိုး တွေ့ကြုံနေရတဲ့အချိန်ဖြစ်နေတာမို့ အားလုံး ညီညွတ်ကြဖို့အတွက်ကိုလည်း နိုင်ငံရေးပါတီ ၁၁ ခုက စုပေါင်းပြီး ဒီကနေ့ ပြည်ထောင်စုနေ့မှာ သတိပေးနိုးဆော်လိုက်ပါတယ်။ အမျိုးသား ဒီမိုကရေစီအင်အားစု (NDF)၊ ဒီမိုကရက်တစ်ပါတီ မြန်မာအဖွဲ့ အပါအ၀င် တခြား နိုင်ငံရေးပါတီတွေနဲ့အတူ ရှမ်း၊ ကရင်၊ ရခိုင် စတဲ့ တိုင်းရင်းသားပါတီ ၁၁ ခုပူးပေါင်းပြီး ဒီကနေ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ အခုလို သဘောတူညီ ခဲ့ကြတာဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီ မြန်မာအဖွဲ့ဥက္ကဌ ဦးသုဝေကပြောပါတယ်။
“တိုင်းပြည်က တခုလုံးက ဆုတ်ယုတ်နေတော့ အားလုံးညီညွတ်စေချင်တယ်။ အားလုံး အစိုးရလုပ်တဲ့ သူတွေရော၊ ကျန်တဲ့နိုင်ငံရေးပါတီတွေရော၊ လူထုရောပေါ့ ညီညွတ်အောင်လုပ်ချင်တယ်။ ဒါပေမဲ့ ကျနော်တို့က အစိုးရကိုလည်းပဲ လူ့အခွင့်အရေးတို့ ဒီမိုကရေစီရေးတို့ကို ပီပီပြင်ပြင်ဖြစ်အောင်လုပ်ပါ ဆိုပြီးတော့ ကျနော်တို့ တိုက်တွန်းတယ်။ နောက်ပြီးတော့ တိုင်းပြည်မှာ ရှည်ကြာနေပြီဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုလည်းပဲ သက်ဆိုင်သူတွေ အားလုံးက အမြန်ဆုံး ကြိုးစားကြပါဆိုပြီးတော့ ကျနော်တို့ တိုက်တွန်းလိုက်တဲ့အချက်တွေ ပါပါတယ်။ တိုင်းပြည်လူထုအတွက် ထိခိုက်နေသော အမေရိကန်နဲ့ ဥရောပတိုင်းပြည်များကနေပြီးတော့မှာ ပြဌာန်းလိုက်တဲ့ ပိတ်ဆို့မှုတွေပေါ့နော်၊ sanctions တွေကိုလည်းပဲ ဒါတွေကို ရုပ်သိမ်းပေးပါ။ ဒီ sanctions တွေကြောင့်မိုလို့ ကျနော်တို့ တိုင်းပြည်ဟာ အလွန့်အလွန် ဒုက္ခရောက်ပါတယ်ဆိုတာကို အထောက်အထားတွေ ကျနော်တို့ ပြပြီးတော့ အဲဒါကိုလည်း ကျနော်တို့ တောင်းဆိုထားတာရှိပါတယ်။”
အခုအစိုးရသစ်အနေနဲ့လည်း နိုင်ငံမှာ စည်းလုံးညီညွတ်မှုအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း ဆောင်ရွက်ပေးဖို့လိုသလို အမျိုးသားရင်ကြားစေ့ရေး အတွက် စီးပွားရေးမျက်နှာစာကနေသွားဖို့ လိုတယ်လို့ NDF ပါတီက ဦးခင်မောင်ဆွေက ပြောပါတယ်။
“လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်လိုက်မယ်ဆိုလို့ရှိရင်တော့ နိုင်ငံရေးအကျဉ်းသား အပါအ၀င် အကျဉ်းသား အားလုံး၊ မြန်မာနိုင်ငံရဲ့ ပြင်ပရောက်နေသူအားလုံးကို ကျောင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ အင်အားစုတွေအားလုံးကို ပြန်လည်ရောက်လာနိုင်အောင် ထုတ်ပြန်ပေးဖို့လိုပါတယ်။ ကျနော်တို့ ဒေသတွင်းမှာရှိတဲ့ နိုင်ငံ ၁၀ နိုင်ငံမှာ ကျနော်တို့ဟာ နောက်ဆုံးမှာရောက်ရှိနေပြီဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ သူများတိုင်းပြည်တွေနဲ့ ဒေသတွင်းတိုင်းပြည်တွေနဲ့ ယှဉ်လိုက်ရင် လုပ်ခလစာရတာ နည်းပါးနေပြီးတော့ စားသုံးမှုကျတော့ ကျနော်တို့က အများဆုံးစားသုံးနေရပါတယ်။ စားသုံးမှုတခုကို စုဆောင်းငွေမရှိသလို ဘ၀သာယာရေးအတွက်လည်း စုဆောင်းငွေမရှိတဲ့အတွက်ကြောင့်မိုလို့ စီးပွားရေးမျက်နှာစာကနေ ရင်ကြားစေ့ရေးကိုသွားဖို့ဆိုပြီးတော့ ကျနော်တို့ပါတီကလည်း ထုတ်ပြန်ထားတာတွေ ရှိပါတယ်။”
NDF ပါတီက ဦးခင်မောင်ဆွေ ဖြစ်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ (၆၄) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွေကို မန္တလေးအပါအ၀င် တခြားနယ်မြို့တွေမှာလည်း NLD ပါတီ ရုံးခွဲတွေက ကျင်းပခဲ့ကြပါတယ်။