အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားနဲ့ ရီပတ်ဘလီကန်ပါတီသမ္မတလောင်း မစ်တ် ရွမ်မ်နီတို့ဟာ အင်္ဂါနေ့ညက ဒုတိယအကြိမ် စကားစစ်ထိုးပွဲမှာ ကိစ္စရပ်ပေါင်းစုံကို အခြေအတင် ပြောဆိုခဲ့ကြပါတယ်။
နယူးယောက်မြို့၊ Hofstra တက္ကသိုလ်မှာလုပ်တဲ့ လူထု နဲ့ တိုက်ရိုက် ပြောဆို ဆွေးနွေးတဲ့ပုံစံ စကားစစ်ထိုးပွဲမှာ ဘယ်သူ့ကိုမဲပေးမယ်ဆိုတာ မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင်တွေက စီးပွားရေး၊ စွမ်းအင်နဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ မေးခွန်းတွေကို ဖြေဆိုခဲ့ကြတာပါ။
သမ္မတအိုဘားမားဟာ ဘဏ္ဍာငွေ လိုငွေပြမှုကို နှစ်ဆတိုးစေခဲ့ပြီး သူလုပ်မယ်လို့ ပြောခဲ့တာတွေ ကို အောင်မြင်အောင် မလုပ်နိုင်ခဲ့ ဘူးလို့ ပြီးခဲ့တဲ့လေးနှစ်အတွင်း သမ္မတရဲ့ စွမ်းဆောင်ရည်အပေါ် မစ္စတာရွမ်မ်နီက ဝေဖန် ထိုးနှက်ခဲ့ပါတယ်။
သမ္မတ အိုဘားမားကတော့ သူပေးခဲ့တဲ့ကတိ အတော်များများကို သူ လုပ်ပေးခဲ့ပြီး ကတိပေးထားခဲ့တဲ့ အတိုင်း မလုပ်နိုင်ခဲ့တာ တွေဟာ ကြိုးစားမှုအားနည်းတာကြောင့် မဟုတ်ဘူးလို့ ပြန်လည် ချေပခဲ့ပါတယ်။
နောက်လာမယ့် လေးနှစ်အတွင်း အမေရိကန်နိုင်ငံရဲ့စီးပွားရေးကို ပြန်ကောင်းလာအောင် ဘယ်လို လုပ်ကြမယ်ဆိုတဲ့ အစီအစဉ် တွေပေါ်မှာလည်း သူတို့နှစ်ဦး အခြေအတင် ငြင်းခုန်ခဲ့ပါတယ်။
ချမ်းသာသူတွေကို အခွန်လျှော့ကောက်မယ့် မစ္စတာရွမ်မ်နီရဲ့ အစီအစဉ်ဟာ စီးပွားရေးကို ထိခိုက်စေ လိမ့်မယ်လို့ မစ္စတာအိုဘားမားက ပြောပါတယ်။ ဒါပေမဲ့လည်း မစ္စတာရွမ်မ်နီကတော့ အခွန်အတုပ် ဆိုင်ရာ သူ့ရဲ့အစီအစဉ်ဟာ အလုပ်အကိုင်တွေ ဖန်တီးနိုင်ပြီး တိုင်းပြည်ရဲ့ ၀င်ငွေထွက်ငွေကို မျှတစေ လိမ့်မယ်လို့ ပြောပါတယ်။