၂၀၁၂ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ ရဲ့ အင်္ဂါနေ့မှာ ကျင်းပမယ့် ဒုတိယအကြိမ် စကားစစ်ထိုးပွဲမှာ သမ္မတလောင်းနှစ်ဦး စလုံးဟာ ကောင်းကောင်းပြောဆိုနိုင်ကြလိမ့်မယ်လို့ သမ္မတ Barack Obama နဲ့ ရီပတ်ဘလီကန်ပြိုင်ဘက် Mitt Romney တို့ရဲ့ မဲဆွယ်စည်းရုံးရေးဆိုင်ရာ အဖွဲ့နှစ်ဖွဲ့စလုံးက ပြောနေပါတယ်။
လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်မှာ လုပ်ခဲ့တဲ့ ပထမအကြိမ် စကားစစ်ထိုးပွဲမှာ မစ္စတာအိုဘားမားဟာ အားနည်းပြီးတော့ စိတ်အားတက်ကြွဖွယ်ကောင်းအောင် မပြောနိုင်ခဲ့ဘူးလို့ သူ့ကို အခိုင်အမာထောက်ခံသူတွေကတောင်မှ မြင်ခဲ့ကြတာပါ။
မနက်ဖြန် နယူးယောက်မြို့မှာ ကျင်းပမယ့် စကားစစ်ထိုးပွဲမှာ မစ္စတာအိုဘားမားဟာ သူ ပြန်ပြီးရွေးကောက်ခံရဖို့အတွက် ပိုပြီး ကောင်းကောင်း ပြောဆိုဖို့ အခွင့်အလမ်းတခု ရပါလိမ့်မယ်လို့ မစ္စတာအိုဘားမားရဲ့ မဲဆွယ်စည်းရုံးရေးဆိုင်ရာ အကြီးတန်း အကြံ ပေးပုဂ္ဂိုလ် David Axelrod ကပြောပါတယ်။
မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာရွမ်မ်နီကတော့ အမေရိကန်လူထုရဲ့ သဘာထားအမြင်ကို ထင်ဟပ်ပြီး ဆက်ပြောသွားလိမ့်မယ်လို့ သူ့ရဲ့ အကြီးတန်းအကြံပေးပုဂ္ဂိုလ် Ed Gillespie က ပြောပါတယ်။