သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျုးဘားဆိုင်ရာ သံရုံး အလံတင် အခမ်းအနား ဝန်ကြီးကယ်ရီ တက်ရောက်


ကျူးဘားနိုင်ငံမှာ အမေရိကန်အလံ လွှင့်ထူတဲ့အခမ်းအနား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်။ (သြဂုတ် ၁၄၊ ၂၀၁၅)
ကျူးဘားနိုင်ငံမှာ အမေရိကန်အလံ လွှင့်ထူတဲ့အခမ်းအနား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်။ (သြဂုတ် ၁၄၊ ၂၀၁၅)

ဆယ်စုနှစ် အတော်ကြာကြာ သံတမန်အဆက်အသွယ်ဖြတ်တောက်ထားတဲ့ ကျူးဘားနိုင်ငံမှာ အမေရိကန်အလံကို ဒီကနေ့ လွှင့်ထူတဲ့အခမ်းအနားကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ပါတယ်။ ၁၉၆၁ ခုနှစ် ကတည်းက ကျူးဘားနဲ့ အမေရိကန်ကြား သံတမန် ဆက်ဆံရေး ဖြတ်တောက် ထားတာဖြစ်ပြီး ဒီကနေ့မှာတော့ ကျူးဘားမြို့တော် ဟာဗားနားက အမေရိကန်သံရုံး မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အမေရိကန် အလံကို လွှင့်ထူမှာ ဖြစ်ပါတယ်။

၂ နိုင်ငံသံရုံးတွေကိုတော့ ဇူလိုငလ ၂ ရက်နေ့ကတည်းက ဖွင့်လှစ်ခဲ့တာပါ။ ဒါပေမယ့်လည်း ဝန်ကြီး ကယ်ရီကိုယ်တိုင် အခမ်းအနားကို ဦးဆောင် တက်ရောက်နိုင်အောင် စောင့်ဆိုင်းနေရတဲ့အတွက် အခုမှသာ အခမ်းအနား ကျင်းပတာဖြစ်ပါတယ်။

ဟဗားနားမြို့တော်မှာကျင်းပတဲ့ အဲဒီအလံတင်အခမ်းအနားကိုတော့ ကျူးဘား လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဖိတ်ကြားခဲ့ခြင်းမရှိပါဘူး။ ဖစ်ဒယ်လ်နဲ့ ရအူး ကက်စထိရိုတို့ နှစ်ဦး အုပ်ချုပ်မှုကို ဆန့်ကျင်လှုပ်ရှားခဲ့သူတွေအနေနဲ့ အခမ်းအနားအတွင်း ဆန့်ကျင်ဆန္ဒပြမှာကို ကြိုတင်တားဆီးတဲ့အနေနဲ့ အခုလို မဖိတ်ကြားခဲ့တာပါ။

ဒါပေမယ့် ဝန်ကြီးကယ်ရီဟာ အဲဒီကျူးဘားလူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ အမေရိကန်သံအဖွဲ့ အကြီးအကဲ နေအိမ်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။ ဒါ့အပြင် အစိုးရအရာရှိတွေ၊ ကျူးဘား ကက်သလစ် ဘာသာရေးခေါင်းဆောင်တွေနဲ့ လည်း တွေ့ဆုံမှာဖြစ်ပေမဲ့ ကက်စထရိုနဲ့တော့ တွေ့ဆုံမှာ မဟုတ်ပါဘူး။ ဝန်ကြီး ဂျွန်ကယ်ရီဟာ နှစ်ပေါင်း ၇၀ အတွင်း ကျူးဘားကို သွားရောက်လည်ပါတ်တဲ့ ပထမဆုံး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း လွှတ်တော်အမတ်အချို့အပြင် ၁၉၆၁ ခုနှစ် ဇန်နဝါရီလအတွင်း ဟဗားနားက အမေရိကန်အလံကို ဖြုတ်ချခဲ့တဲ့ အမေရိကန် မရင်းတပ်ဖွဲ့ဝင် ၃ ဦးလည်း လိုက်ပါသွားခဲ့ပါတယ်။

XS
SM
MD
LG