သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့ လုံခြုံရေးတင်းကျပ်


ရန်ကုန်မြို့ လုံခြုံရေးတင်းကျပ်
ရန်ကုန်မြို့ လုံခြုံရေးတင်းကျပ်

ရန်ကုန်မြို့က ရွှေတိဂုံဘုရားအနီးနဲ့ ရန်ကုန်ဆေးရုံကြီးနား အပါအဝင် တခြားနေရာတချို့မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားသလို လူစည်ကားရာ ကုန်တိုက်တွေမှာလည်း အရင်ရက်တွေကထက် ပိုပြီး လုံခြုံရေးတွေ ချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါဟာ ရွေးကောက်ပွဲရက် နီးလာတာမို့ အခုလို လုံခြုံရေး အခြေအနေတွေ တင်းကျပ်လာတာလို့လည်း ခန့်မှန်းကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ရန်ကုန်က သမိုင်းအစဉ်အဆက် တော်လှန်ရေး အစဉ်အလာ ရှိခဲ့တဲ့ အထင်ကရ နေရာတွေ၊ လူစည်ကားရာ ကုန်တိုက်လို နေရာတွေမှာ မနေ့လောက်ကစလို့ လုံခြုံရေးတွေကို အတော်လေး တိုးမြှင့်ချထားတာ တွေ့ရတယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပြပါတယ်။

“ရန်ကုန်မြို့မှာ လုံခြုံရေး ထူထူထဲထဲ ချထားတဲ့နေရာက အခု ဆူးလေတဝိုက်ရယ်၊ ကျောက်တံတားမြို့နယ်ဘက်ရယ်၊ နောက် ရန်ကုန်ဆေးရုံကြီး အနီးတဝိုက်ပေါ့၊ အဲဒီဘက်တွေမှာ။ ရွှေတိဂုံဘုရား တဝိုက်ရယ်၊ ဘုရားဝန်းကျင် တောင်ဘက်မုခ်၊ အရှေ့ဘက်မုခ်ဘက်၊ ဗဟန်းဘက်မုခ်ပေါ့၊ အဲဒီဘက်မှာတော့ လက်နက်ကိုင် စစ်သားတွေ အခုချိန်ထိ ရှိနေတုန်းပဲ။

“ကုန်တိုက်တွေမှာတော့ သူတို့ ပုံမှန် စစ်ဆေးနေတဲ့ဟာ ရှိတာပေါ့။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ မြေနီကုန်းဘက်မှာကျတော့ ကုန်တိုက်တွေ ရှေ့မှာ လက်နက်ကိုင် စစ်သားတွေရော၊ ရဲတွေရော ရှိတယ်။ အထဲမှာရှိတဲ့ လုံခြုံရေး ဝန်ထမ်းတွေကလည်း ထူးထူးခြားခြားကို ပိုပြီး စစ်တယ်။ အဲဒါကတော့ ဒီဘက် လမ်းမတော် တဝိုက်မှာလည်း ပိုပြီးတော့ စစ်ဆေးတာ တွေ့ရတယ်။”

အရင်က လုံထိန်းဝတ်တွေနဲ့လောက်သာ လုံခြုံရေး စောင့်ကြပ်မှုကနေ ဒီရက်တွေအတွင်း စစ်ကားတွေနဲ့ စစ်သားတွေကိုပါ တွေ့ရတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ သတိထားမိတာကတော့ စနေနေ့မှာ ပိုပြီး သိသိသာသာကြီး ပြောင်းလဲလာတာပေါ့။ ညဘက်ကျရင်လည်း လုံခြုံရေးကားတွေ၊ လုံထိန်းကားတွေက မီးရောင်စုံတွေ၊ ဝါယာလက်တွေ ထွန်းပြီးတော့ ပတ်တာတို့၊ လမ်းတွေမှာ အတားအဆီးတွေ ချတာတို့၊ တွေ့လာရတယ်။

“ခါတိုင်းကတော့ ရဲလုံထိန်းကားတွေ အမြဲတမ်း ပတ်နေတာပေါ့။ တနာရီခွဲ၊ နှစ်နာရီ တစီးလောက်တော့ ပတ်တယ်။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ ရဲလုံထိန်းကားတွေလည်း သုံးစီးတွဲ၊ လေးစီးတွဲ ပတ်လာတာ တွေ့ရတယ်။ ပြီးတော့ လက်နက်ကိုင် စစ်သားတွေလည်း နေရာ ခပ်စိတ်စိတ် ချထားတာ တွေ့ရတယ်၊ ငါးယောက်တတွဲ၊ ခြောက်ယောက်တတွဲပေါ့။ အထူးသဖြင့် မြေနီကုန်း တဝိုက်မှာပေါ့။”

နောက်တခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ နေပြည်တော်ကနေ ရန်ကုန်ကို ရောက်နေပြီး မနေ့ကစလို့ ရန်ကုန်ဆိပ်ကမ်း တိုးချဲ့ရေး အပါအဝင် အခြားနေရာတွေကို သွားနေတယ်ဆိုတဲ့ သတင်းတွေကြောင့် အခုလို လုံခြုံရေးတွေ တိုးချထားတာလို့ ပြောကြတာ ရှိပေမဲ့ အများစုကတော့ ၁၀ ရက်သာ လိုတော့တဲ့ ရွေးကောက်ပွဲကြောင့်သာ ဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။

“ရန်ကုန်မှာ လုံခြုံရေး တိုးချတာကတော့ အလံအပြောင်းအလဲ လုပ်တာရယ်၊ နိုင်ငံရေးပါတီတွေ မဲဆွယ်နေတာတွေရယ် ဖြစ်နေတဲ့ အခါကြတော့ လူတွေစိတ်ထဲမှာ နိုင်ငံရေးကလည်း အရင်တုန်းကထက် စာရင် ပိုပြီးတော့ နိုးနိုးကြားကြား ရှိနေတဲ့ အချိန်ဆိုတော့ ပိုပြီးတော့ သတိထားပြီး ချထားတဲ့ ပုံစံမျိုးလည်း ဖြစ်နိုင်တယ်။ ကျနော်တို့ သတိထားမိတာကတော့ စနေနေ့မှာ ပိုပြီးတော့ သိသိသာသာကြီး ပြောင်းလဲလာတာပေါ့။”

ရန်ကုန်မြို့ခံ လူငယ်တဦးက သူမြင်တွေ့ခဲ့တဲ့ လုံခြုံရေး အခြေအနေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေလည်း ပိုပြီး တွေ့လာရတာမို့ လုံခြုံရေး အခြေအနေတွေဟာ ဒီ့ထက်ပိုပြီး တင်းကျပ်လာမယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။

XS
SM
MD
LG