BBC နဲ့ RFA သတင်းထောက်ဟောင်းဖြစ်သူ ဦးစိန်ကျော်လှိုင်ဟာ (၂၉.၄.၂၀၁၈.) တနင်္ဂနွေ မှာ သူ့ဇာတိရွာ တောင်သာမြိုနယ်၊ ဝဲလောင်ရွာသစ်မှာ ကွယ်လွန်သွားတယ်လို့ သူငယ်ချင်းဖြစ်သူ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ဦးသိန်းညွှန့်ဝင်း က ဗွီအိုအေကို ပြောပါတယ်။
"မူလကသူက နှလုံးရောဂါရှိလို့ နှလုံးအဆို့ရှင်ထည့်ထားရတယ်။ လမ်းတွေဘာတွေအများကြီးမလျှောက်နိုင်ဘူး ၊ အမောမခံနိုင်ဘူး၊ အခုဖြစ်သွားတာက ဆီးချိုက over 400 ဖြစ်သွားတယ် ။ ဆီးချိုတအားတက်သွားတဲ့အခါကျတော့ ဆေးရုံပို့တယ် ဆေးရုံရောက်တော့လူကလွန်သွားပြီ ဆုံးသွားပြီ ။ မနက် ၈ နာရီခွဲလောက်က ဆုံးသွားတာ။
မေး။ ။ ဦးစိန်ကျော်လှိုင်က သတင်းဌာနမှာ အလုပ်လုပ်တယ် နောက်ပြီးတော့ ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားဆောင်ရွက်ခဲ့တာတွေ အများကြီးပါ။ သူပံ့ပိုးပေးခဲ့တယ် သတင်းအမှန်တွေရအောင်လုပ်ပေးခဲ့တာတွေ အများကြီးရှိပါတယ်။ အခုအစိုးရအဖွဲ့အနေနဲ့ ဒီလိုလူမျိုးတယောက်ဆုံးရုံးသွားတာ ဘာများပြောချင်ပါသလဲ။
သူအကြံပြုခဲ့တာတွေလည်းအများကြီးရှိတယ်။ ထောက်ပြတာတွေလည်းအများကြီးရှိတယ်။ NLD အစိုးရဆိုပြီးတော့လည်း အကောင်းကြီးပဲ မရေးပါဘူး အကောင်းကြီးပဲမပြောပါဘူး ဖြစ်သင့်ဖြစ်ထိုက်တာမှန်သမျှ ဘေးကနေ အမှန်အတိုင်းထောက်တာမျိုး အများကြီးလုပ်ပေးခဲ့ပါတယ်။ ကျနော်အားရပါတယ် အထူးသဖြင့် ကျနော့်ကို အများကြီး အကြံပေးပါတယ်။ တကယ်တော့ မညှာမတာကို ပြောပါတယ် ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီးတော့ သတင်းသမားတယောက်အနေနဲ့ တာဝန်ကျေတာတင်မကပါဘူး လွန်အောင်လုပ်သွားတာပါ။ ဒီအတွက် ကျနော်တို့ အမှတ်တရဖြစ်ရပါတယ်။"
ဦးစိန်ကျော်လှိုင်ဟာ အင်ဂျင်နီယာဘွဲ့ရပြီးတဲ့နောက် စလေဓာတ်မြေသြဇာစက်ရုံ (ရေနံဓာတုကော်ပိုရေးရှင်း) မှာ လုပ်ကိုင်ခဲ့သလို ဆက်သွယ်ရေးအရာရှိအဖြစ် ရန်ကုန်ဗြိတိသျှသံရုံးမှာ၊ နောက် ဗြိတိန်အခြေစိုက် BBC သတင်းဌာနနဲ့ အမေရိကန် အခြေစိုက် RFA သတင်းဌာနတွေမှာ လုပ်ဆောင်ခဲ့သူပါ။
မကွယ်လွန်ခင်က ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ရဲ့ ကရင်ပြည်နယ်၊ ဖားအံဒေသတွင်း တိုးတက်ရေး လေ့လာဆန်းစစ်မှုတွေအတွက် တာဝန်ယူဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ဖခင်ရဲမှုးဦးသာလှိုင် မိခင်ဒေါ်ထွေးစိန်တို့ရဲ့ သားဖြစ်သူ အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ ဦးစိန်ကျော်လှိုင်မှာ ညီအကိုမောင်နှမ ၇ ယောက်ရှိပါတယ်။ တနင်္ဂနွေမှာကွယ်လွန်ခဲ့တဲ့ သူ့ကို သူ့ဇာတိချက်မြုပ် ဝဲလောင်က ဆည်ရွာသုဿန်မှာ တနင်္လာနေ့မှာပဲ မြေမြှုပ်သဂြိုလ်ခဲ့ပါတယ်။