သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Gina Haspel ကို CIA ညွှန်မှူးအဖြစ် အထက်လွှတ်တော် အတည်ပြု


အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA ရဲ့ ပထမဆုံး အမျိုးသမီးညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခံရတဲ့ Gina Haspel။
အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA ရဲ့ ပထမဆုံး အမျိုးသမီးညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခံရတဲ့ Gina Haspel။

အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA ရဲ့ ပထမဆုံး အမျိုးသမီးညွှ န်ကြားရေးမှူးအဖြစ် Gina Haspel ကိုခန့်ထားဖို့ အမေရိကန် အထက်လွှတ်တော်မှာ ကြာသပတေးနေ့က ထောက်ခံမဲ ၅၄ မဲ၊ ကန့်ကွက်မဲ ၄၅ မဲနဲ့ အတည်ပြုပေးလိုက်ပါပြီ။ Gina Haspel ကို ခန့်ထားရေး စစ်ဆေးကြားနာမှုဟာ အတော်လေးကို အပြင်းအထန်ဖြစ်ခဲ့ပြီး CIA ရဲ့ အရင်က လုပ်ဆောင်ပုံတွေ ကို လွှတ်တော်အမတ်တွေက ပြန်ပြီး မေးမြန်းခဲ့ကြတာပါ။

Haspel ကို ထောက်ခံသူတွေထဲမှာ ဒီမိုကရက် အထက်လွှတ်တော်အမတ် ၆ ယောက်ပါပြီး ကန့်ကွက်သူတွေထဲမှာတော့ ရီပတ်ဘလီကန်အမတ် နှစ်ယောက်ပါပါတယ်။ ပြီးခဲ့တဲ့လက နိုင်ငံခြားရေးဝန်ကြီးအဖြစ် အတည်ပြု ခန့်အပ်လိုက်တဲ့ Mike Pompeo နေရာမှာ Haspel ကို အစားထိုးခန့်ထားဖို့ အတည်ပြုလိုက်တာဖြစ်ပါတယ်။

CIA မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာတဲ့ Haspel ဟာ “အမေရိကန်ပြည်ထောင်စု ရင်ဆိုင်နေရတဲ့ လုံခြုံရေးဆိုင်ရာ အကြီးမားဆုံးအခြေအနေတွေကို ရင်ဆိုင်ကိုင်တွယ်ဖို့ သူမတူအောင် အရည်အချင်းပြည့်ဝသူဖြစ်ပြီး CIA မှာ တာဝန်ထမ်းဆောင် နေတဲ့ အမျိုးသား အမျိုးသမီးတွေရဲ့ လေးစား ထောက်ခံမှုကို ရရှိထားသူဖြစ်တယ်” လို့ အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell က ချီးကျူးပြောဆိုပါတယ်။

Gina Haspel ကိုခန့်ထားရေး ကြားနာပွဲအတွင်း အဓိက အခြေအတင်ဖြစ်ခဲ့တာကတော့ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် နေ့က အမေရိကန်ပြည်ထောင်စုကို အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း ဒီတိုက်ခိုက်မှုနဲ့ဆက်စပ်ပြီး ဖမ်းဆီးသူတွေ ကို CIA က အပြင်းအထန် နှိပ်စက်ညှဉ်းပန်းပြီး စစ်ဆေးတာတွေအပေါ် သူကိုယ်တိုင် ကြီးကြပ်ခဲ့တဲ့ကိစ္စပဲဖြစ်ပါတယ်။

အဲဒီလို နှိပ်စက်ညှဉ်းပန်းပြီး စစ်ဆေးတာတွေဟာ လူ့စံနှုန်း ကိုယ်ကျင့်သိက္ခာပိုင်းအရ မှားယွင်းသလားဆိုတာကို ဖြေဆိုဖို့ အဲဒီ စစ်ဆေး ကြားနာပွဲအတွင်း Haspel က အကြိမ်ကြိမ်ငြင်းပါတယ်။ ဒီသီတင်းပတ်အစောပိုင်းက ဝါရင့် နိုင်ငံခြားရေးရာကော်မတီဝင် ဒီမိုကရက်အမတ် Mark Warner ဆီ ပေးပို့တဲ့စာထဲမှာတော့ CIA အနေနဲ့ နှိပ်စက်ညှဉ်းပန်းပြီး စစ်ဆေးတာမျိုး မလုပ်သင့်ဘူးလို့ Gina Haspel က ရေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG