သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CIA အကြီးအကဲ အထက်လွှတ်တော် အတည်ပြု


စီအိုင်အေ အကြီးအကဲ John Brennan
စီအိုင်အေ အကြီးအကဲ John Brennan
သမ္မတအိမ်ဖြူတော်ရဲ့ အဝေးထိန်းဒုံးလက်နက် မူဝါဒအပေါ်မှာ မဲခွဲဆုံးဖြတ်ဖို့ကို ရက်အကန့်အသတ်မရှိ ရွေ့ဆိုင်းထားမယ်ဆိုပြီး အထက်လွှတ်တော် အမတ်တဦးက ခြိမ်းခြောက်ပြောဆိုလိုက်ပြီးနောက်၊ CIA ဗဟိုထောက်လှမ်းရေးအကြီးအကဲ အဖြစ် သမ္မတက အဆိုပြုထားတဲ့ John Brennan ကို အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

မနေ့တုန်းက အထက်လွှတ်တော်က မဲခွဲဆုံးဖြတ်ရာမှာ ၆၃မဲ ၃၄ မဲနဲ့ John Brennan ကို CIA ဗဟိုထောက်လှမ်းရေး အကြီးအကဲအဖြစ် အတည်ပြုလိုက်တာပါ။ Kentucky ရီပတ်ပလင်ကန်အမတ် Rand Paul ဟာ Brennan ကို အတည်ပြုဖို့ကိစ္စကို အထက်လွှတ်တော်မှာ ၁၃ နာရီ တောက်လျောက် အချိန်ဆွဲ ကန့်ကွက်မှုတွေ လုပ်ခဲ့ပါတယ်။ ဒါကြောင့် လွှွတ်တော်ကနေ ဆွေးနွေးမှုတွေကို ရပ်စေပြီး၊ အတည်ပြုရေး မဲခွဲ ဆုံးဖြတ်ခဲ့ရပါတယ်။

အမေရိကန်ပြည်ထောင်စုအတွင်းမှာ အကြမ်းဖက်သမားလို့ သင်္ကာမကင်းဖြစ်သူတွေကို အဝေးထိန်းဒုံးလက်နက်နဲ့ တိုက်ခိုက်မှုအပေါ်ထားတဲ့ စည်းမျဉ်းအကန့်အသတ်တွေကို အတိအကျပြောဖို့ အမတ် Rand Paul က အိုဘားမားအစိုးရကို တောင်းဆိုခဲ့ပါတယ်။

အမေရိကန်မြေပေါ်မှာ စစ်ဆင်တိုက်ခိုက်မှုနဲ့မပတ်သက်ပဲ၊ သာမန် အမေရိကန် အရပ်သားတဦးဦးကို သတ်ဖြတ်ဖို့ သမ္မတမှာ လုပ်ပိုင်ခွင့်မရှိပါဘူးဆိုတာကို ရှေ့နေချုပ် Eric Holder က အထက်လွှတ်တော်အမတ် Paul ဆီကို စာတို ရေးပို့ထားပါတယ်။ သမ္မတအနေနဲ့ အမေရိကန်မြေပေါ်မှာ အဝေးထိန်းဒုံးလက်နက်သုံးစွဲဖို့ ရည်ရွယ်ချက်မရှိပဲ၊ သာမန်မဟုတ်တဲ့ ထူးခြားတဲ့အခြေအနေတရပ်ရပ်မှာပဲ သုံးစွဲဖို့ဆိုတာကို အစောပိုင်းတုန်းက ရှေ့နေချုပ်က ပြောခဲ့ပါတယ်။ သမ္မတအိုဘားမားအစိုးရအနေနဲ့က အဝေးထိန်းဒုံးလက်နက်တွေကို လက်ရှိအားဖြင့် ပြည်ပမှာပဲ သုံးတာဖြစ်ပါတယ်။

Mr.Brannan ဟာ သမ္မတအိုဘားမားအစိုးရရဲ့ အကြမ်းဖက်မှုဆိုင်ရာ ထိပ်တန်း အကြံပေးတဦးအဖြစ်၊ အချိန်အတော်ကြာ တာဝန်ယူခဲ့တဲ့ CIA အရာရှိဖြစ်ပါတယ်။ သူဟာ အငြင်းပွားဖွယ် အဝေးထိန်းဒုံးလက်နက်အသုံးပြုရေးအစီအစဉ်ကို ထောက်ခံသူလည်းဖြစ်ပါတယ်။
XS
SM
MD
LG