သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်လည် သင့်မြတ်ရေး အပြုအမူ သမ္မတနဲ့ ကာချုပ် ပိုမိုပြသဖို့ လိုအပ်


အမေရိကန် အထက် လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရှေ့မှောက် ကြားနာပွဲ။
အမေရိကန် အထက် လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရှေ့မှောက် ကြားနာပွဲ။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပေမဲ့ သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တို့ဘက်က ပြန်လည်သင့်မြတ်ရေးအပြုအမူ အလုံအလောက်ပြသတာ မတွေ့ရသေးတဲ့ အပြင် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဆွေးနွေးရေးကိုလည်း အချိန်ဆွဲထားတယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အေရး သုတေသီတဦးက ပြောကြားလိုက်ပါတယ်။ မနေ့မနက်ပိုင်းကပြုလုပ်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရှေ့မှောက် ကြားနာပွဲမှာ The Project 2049 Institute ရဲ့ တွဲဖက်အတွင်းရေးမှူး MS Kelley Currieက ပြောကြားသွားတာဖြစ်ပါတယ်။ အပြည့်အစုံကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

မနေ့ကပြုလုပ်တဲ့ ကြားနာပွဲဟာ တကယ်တော့ အရှေ့တောင်အာရှ ဒီမိုကရေစီရေးရာ ကြားနာပွဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ အပါအဝင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ် စတဲ့ နိုင်ငံတွေရဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး အခြေအနေတွေကို အလားအလာတွေ ကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီ့မှာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ပထမ ဆွေးနွေးတင်ပြတဲ့ ပုဂ္ဂိုလ်ကတော့-CSIS လို့ခေါ်တဲ့ မဟာဗျူဟာနဲ့ နိုင်ငံတကာ ဆက်ဆံရေး လေ့လာမှု ဌာနက တွဲဖက်ညွှန်ကြားရေးမှူး Mr Murray Hiebert ကဖြစ်ပါတယ်။

မဟာဗျူဟာနဲ့ နိုင်ငံတကာ ဆက်ဆံရေး လေ့လာမှုဌာနက တွဲဖက်ညွှန်ကြားရေးမှူး
မဟာဗျူဟာနဲ့ နိုင်ငံတကာ ဆက်ဆံရေး လေ့လာမှုဌာနက တွဲဖက်ညွှန်ကြားရေးမှူး

သူက ရွေးကောက်ပွဲဟာ စင်းလုံးချော မဟုတ်ခဲ့သလို အဓိက ကျတဲ့ စိန်ခေါ်မှုတွေဟာ ရှေ့မှာ ရှိနေဆဲဖြစ်တယ်လို့ အခုလို ပြောကြားသွားပါတယ်။

“ပြီးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ စိတ်လှုပ်ရှားစရာတွေ အများကြီး ပေါ်ထွက်ခဲ့ပါတယ်။ ရွေးကောက်ပွဲကတော့ စင်းလုံးချော ပြီးပြည့်စုံခြင်း မရှိခဲ့ပါဘူး။ အကြီးမားဆုံး စိန်ခေါ်မှုတွေက အရှေ့မှာ ရှိနေပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိတဲ့ကိစ္စကို စစ်တပ်က ဘယ်လို တုံ့ပြန်မှာလဲ။ တိုင်းရင်းသားလူမျိုးစု ပြဿနာကို ဘယ်လိုရှေ့တိုးပြီးတော့ လုပ်ဆောင်မှာလဲ။ ရိုဟင်ဂျာတွေအပေါ် ဘယ်လိုကိုင်တွယ် ဆက်ဆံမလဲဆိုတဲ့ကိစ္စတွေ ရှိနေပါသေးတယ်။”

CSIS တွဲဖက်ညွှန်ကြားရေးမှူး Mr Murray Hiebert ပြောကြားသွားတာဖြစ်ပါတယ်။

ဆက်လက်ပြီး ထွက်ဆိုသူတစ်ဦးကတော့ မြန်မာ့အရေးကို နှစ်ပေါင်း ၂၀လောက် စောင့်ကြည့်ခဲ့တဲ့ ဆောင်ရွက်ခဲ့တဲ့ MS Kelley Currieဖြစ်ပါတယ်။ သူက The Project 2049 Institute က အကြီးတန်း သုတေသီတဦးဖြစ်ပါတယ်။ မကြာခင်ကမှ မြန်မာနိုင်ငံက ပြန်လာတာလည်း ဖြစ်ပါတယ်။

Project 2049 Institute အကြီးတန်း သုတေသီ
Project 2049 Institute အကြီးတန်း သုတေသီ

ရှေးဦးစွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အံ့မခန်း အောင်နိုင်မှု ရခဲ့တာကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်သူတွေဟာ စစ်အစိုးရအဆက်ဆက်ကို ဘယ်လောက်အထိ ခါးခါးသီးသီး မလိုမလားဖြစ်နေတယ် ဆိုတာ ပြသလိုက် တာဖြစ်တယ်လို့ ဆိုပါတယ်။ တခါ NLD အပေါ် ပြည်သူတွေဟာ ဘယ်လောက်မျှော်လင့်ချက် ထားသလဲဆိုတာကိုလည်း ဒီမှာ တွေ့ရတယ်လို့ သူကပြောပါတယ်။ သို့သော်လည်းပဲ ရွေးကောက်ပွဲပြီးဆုံးသွားခဲ့ပြီဖြစ်ပေမဲ့ အရာရာ စိတ်ချနေနိုင်တဲ့အဆင့်တော့ မရောက်သေး ဘူး။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကိုလည်းပဲ လုပ်ဆောင်ချက်ကို ကြည့်ပြီးတော့ အမှတ်ပြည့်ပေးလို့မရသေးဘူးလို့ အခုလို ပြောကြားသွားပါတယ်။

“ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေဟာ စိုးရိမ်စရာမရှိတော့ဘူးလို့ ကျမတို့မပြောနိုင်သေးပါဘူး။ ရှမ်းနဲ့ကချင်နယ်မြေတွေမှာ မဲဆန္ဒနယ်မြေ ပြင်ပ က လာတဲ့ များပြီး မသင်္ကာစရာ ကြိုတင်မဲတွေကြောင့် မကျေနပ်ချက်တွေကို NLD နဲ့ တခြားပါတီတွေက တိုင်ကြားထားတာ ရှိပါတယ်။ မနေ့ကပဲ ပြည်ခိုင်ဖြိုး ထိပ်တန်းပါတီဝင်တဦးက သူ့ပါတီအနေနဲ့ အနိုင်ရ ပါတီကိုယ်စားလှယ်ပေါင်း တစ်ရာအထိအပေါ် မကျေနပ်ချက်တွေ တိုင်တန်းမယ် လို့ ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲကနေ ကိုယ်စားလှယ်တွေအဖြစ်ကနေ ပယ်ဖျက်နိုင်စေဖို့ ကြိုးပမ်းမှုလို့မြင်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကော်မရှင်ကို တချို့က အောင်မှတ်ပေးနေပေမဲ့ ဒီအခြေအနေမှာတော့ မပေးနိုင်သေးဘူးလို့ ကျမ ထင်ပါတယ်။ စိုးရိမ်စရာဖြစ်တဲ့ ကြိုတင်မဲကိစ္စနဲ့ NLD ကိုယ်စားလှုယ်တွေအပေါ် မကျေနပ်တဲ့ တိုင်တန်းချက်တွေကို ရွေးကောက်ပွဲကော်မရှင်က ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ ”

ဆက်လက်ပြီး MS Kelley Currie က ရွေးကောက်ပွဲ ပြီးဆုံးသွားခဲ့ပြီဖြစ်ပေမဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြန်လည်သင့်မြတ်ရေးအပြုအမှုကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က အလုံအလောက်ပြသတာ မတွေ့ရဘူးလို့လဲ အခုလိုပြောကြားသွားပါတယ်။

“တပ်မတော်နဲ့ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင်ပိုင်းက NLD ကို တရားဥပဒေအရ အာဏာ လွှဲပြောင်းပေးပါမယ်လို့ ထပ်ခါတလဲလဲ ပြောခဲ့ပေမဲ့ ပြောတဲ့အတိုင်း ဖြ စ်လာမလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ ဒီနှစ်ကုန်ပိုင်း အထိ ရွှေ့ဆိုင်းခဲ့ကြတာ တွေ့ရပါတယ်။ အခုထက်ထိလည်း သူတို့ဘက်က ပျူပျူဌာဌာ လိုက်လျောတဲ့ အရိပ်လက္ခဏာ မတွေ့ရသေးပါဘူး။ နိုင်ငံရေးကြောင့် လူတွေ ဖမ်းဆီးခံနေရဆဲဖြစ်သလို တိုင်းရင်းသားနယ်မြေတွေမှာ ထိုးစစ်တွေ ဆင်နေဆဲဖြစ်ပါတယ်။ ရှမ်း၊ ကချင်နဲ့ ရခိုင်ပြည်နယ်တွေမှာ လူသားချင်းစာနာမှု အထောက်အကူပေးနိုင်ဖို့ ကြိုးပမ်းရာမှာလည်း အခက်အခဲနဲ့ ရင်ဆိုင်နေရဆဲပဲဖြစ်ပါတယ်။”

နောက်ဆုံးအနေနဲ့တော့ MS Kelley Currie က အမေရိကန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံတဲ့နေရာမှာ မူဝါဒသဘောတရားအပေါ်မှာ ရပ်တည်ရမယ့်အစား လက်တွေ့အလုပ်ဖြစ်ရေး ဦးစားပေး ရပ်တည်ခဲ့တာကို ဝေဖန်သွားပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်က သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ နီးနီးကပ်ကပ် ဆက်ဆံလွန်းတယ်လို့လည်း သူက ထောက်ပြသွားပါတယ်။ အစိုးရအနေနဲ့ ရှေ့ဆက်ပြီး ဆက်ဆံတဲ့အပိုင်းမှာ မြန်မာပြည်သူတွေရဲ့ အောက်ခြေ လူထုအဖွဲ့အစည်း တွေနဲ့ ဆက်ဆံရေးကို ချဲ့ထွင်ပြီး ဒီမိုကရေစီ ခိုင်မြဲအောင် လုပ်ဖို့ လိုအပ်တယ်လို့လည်း ပြောကြားသွားပါတယ်။

XS
SM
MD
LG