သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ စစ်ဘက်ဆက်ဆံရေး ဆီးနိတ်အမတ် သတိပေး


အမေရိကန်ဆီးနိတ်အမတ် Benjamin Cardin
အမေရိကန်ဆီးနိတ်အမတ် Benjamin Cardin
မြန်မာနိုင်ငံမှာ တိုးတက်မှုတွေရှိနေပေမဲ့ စစ်ရေးအရဆက်ဆံမှု ကိုတော့ သတိထားသင့်တယ်လို့ အမေရိကန် ဆီးနိတ်အမတ် Benjamin Cardin ကပြောလိုက်ပါတယ်။ ဆီးနိတ်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီက ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ အာရှဒေသမှာ အမေရိကန်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကြားနာပွဲတစ်ခုမှာ သဘာပတိအဖြစ် ဆောင်ရွက်တဲ့ ဆီးနိတ်အမတ် Cardin က ခုလိုပြောခဲ့ တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို စစ်ဖက်ဆိုင်ရာ လေ့ကျင့်သင်တန်းပေးမှုတွေ လုပ်သင့်မသင့်ကိုလည်း ဆွေးနွေးသွားခဲ့တဲ့ ဆီးနိတ်လွှတ်တော်ကြားပွဲ အကြောင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

အာရှဒေသဘက်မှာ အမေရိကန်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ စိန်ခေါ်မှုတွေအကြောင်းကို ကြာသပတေးနေ့က ကြားနာပွဲလုပ်ခဲ့တာဖြစ်ပါတယ်။ အာရှဒေသဘက်မှာ အမေရိကန်ရဲ့မူဝါဒ ကို ပြန်လည်ချိန်ခွင်လျှာညှိမှုနဲ့ ပတ်သက်ပြီး ဆီးနိတ်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီရဲ့ အရှေ့အာရှနဲ့ Pacific ရေးရာကော်မတီခွဲမှာ ဒုတိယအကြိမ် ပြုလုပ်တဲ့ ကြားနာပွဲလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ အမေရိကန် အနေနဲ့ မြန်မာနိုင်ငံနဲ့ စစ်ရေးဆိုင်ရာ ဆက်ဆံမှုကို သတိထားသင့်တယ်လို့ ကြားနာပွဲ သဘာပတိအဖြစ် ဆောင်ရွက်တဲ့ Maryland ပြည်နယ် ဒီမိုကရက် လွှတ်တော်အမတ် Benjamin Cardin က ခုလို ပြောသွားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာတိုးတက်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်အနေနဲ့ မြန်မာ စစ်တပ်နဲ့ ထိတွေ့ ဆက်ဆံမှု လုပ်မယ်ဆိုရင် သတိထားရမယ်၊ တွက်ချက်ရမယ်၊ အရိပ်အခြေကြည့်ပြီး ဆက်ဆံရပါမယ်၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာစေဖို့၊ လူနည်းစုတိုင်းရင်းသားအဖွဲ့တွေအားလုံးရဲ့ အခွင့်အရေး ကို လေးစားဖို့နဲ့ ကာကွယ်ဖို့အတွက် ကျနော်တို့အနေနဲ့ မြန်မာစစ်တပ်ကို ဆက်ပြီး တွန်းအားပေးသွားရပါမယ်။”

ကြာသပတေးနေ့က ဆီးနိတ်လွှတ်တော်ကြားနာပွဲမှာ အမေရိကန်အစိုးရရဲ့ အာရှဆိုင်ရာမူဝါဒနဲ့ ဆောင်ရွက်မှုတွေကို အရှေ့အာရှနဲ့ Pacific ရေးရာ ယာယီလက်ထောက်နိုင်ငံခြာရေးဝန်ကြီး Joseph Yun က ထွက်ဆိုရှင်းပြခဲ့ ပါတယ်။ မြန်မာစစ်တပ်နဲ့ပတ်သက်လို့ သတ်သတ်မှတ်မှတ် ပြောမသွား ခဲ့ပေမဲ့ နိုင်ငံခြားရေးဌာန Website မှာဖော်ပြထားတဲ့ သူ့ရဲ့ ကြိုတင်မှတ်ချက်ထဲ မှာတော့ ဆယ်စုနှစ်နဲ့ ချီ ဖိနှိပ်အုပ်ချုပ်လာတဲ့ မြန်မာစစ်တပ်ကို လူ့အခွင့်အရေး ကိုလေးစားတဲ့ ခေတ်မီ တပ်မတော် ဖြစ်အောင် အမေရိကန်က ကူညီပေးဖို့ လူမှုအခြေပြုအဖွဲ့တွေ၊ ပြုပြင်ပြောင်းလဲရေးအတွက် စည်းရုံး လှုပ်ရှားသူတွေ ပိုပြီးပြောလာကြတယ်လို့ဆိုထားပါတယ်။

နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားရေး အားပေးတဲ့ အနေ နဲ့ မြန်မာနဲ့ စစ်ရေးအရ ဆက်ဆံမှုတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ အားပေးနိုင်မလဲဆိုတာကို အမေရိကန်အစိုးရက လေ့လာနေတယ်လို့ လည်း ပြောထားပါတယ်။ လူ့အခွင့်အရေး၊ ဒီမိုကရေစီဖော်ဆောင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေမှာ လက်ဆုပ် လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုတွေရှိလာအောင်လုပ်ပြဖို့နဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံမှုတွေကို အဆုံးသတ်ဖို့ အမေရိကန်က ဆက်ပြီး တောင်းဆိုတယ်လို့ Mr. Yun ရဲ့မှတ်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မဟာဗြူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာနက အာရှနဲ့ ဂျပန်ဆိုင်ရာ အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ Michael Green ကတော့ အမေရိကန် အနေနဲ့ မြန်မာ စစ်တပ်ကို စစ်ဖက်ဆိုင်ရာ သင်တန်းတွေ မပေးသင့်သေးဘူးလို့ ကြားနာပွဲမှာ ထွက်ဆိုသွားပါတယ်။

“မြန်မာစစ်တပ်ဟာ လက်နက်ကိုင်သူပုန်အဖွဲ့ ၁၁ ဖွဲ့နဲ့ တိုက်ခိုက်နေဆဲ ဖြစ်ပါ တယ်။ မြန်မာစစ်တပ် အရာရှိတွေကို နိုင်ငံတကာ စစ်ဖက် ပညာရေးနဲ့ လေ့ ကျင့်ရေးပေးတဲ့နေရာမှာ အမေရိကန်ကပါ ပါဖို့ တော်တော်လေးခက်ခဲတဲ့ အနေအထားမှာ ရှိပါလိမ့်မယ်။ သူပုန်တွေကို နှိမ်နှင်းတယ်လို့ပဲ ခေါ်ခေါ်၊ ဖိနှိပ်တယ်လို့ပဲ ပြောပြော၊ အတင်းအကြပ် နေရာရွှေ့ပြောင်းတယ်လို့ပဲဆိုဆို ရက်ရက်စက်စက် လုပ်ရပ်တွေမှာ ပတ်သက်မှုကင်းတဲ့ အရာရှိရယ်လို့ ရှာဖို့ ခက်ပါတယ်။ ဒါ ပွင့်ပွင့်လင်းလင်း ပြောတာပါ၊ အဲဒါကြောင့် မြန်မာနိုင်ငံကို အမေရိကန်အနေနဲ့ စစ်ဖက် ပညာရေးနဲ့ လေ့ကျင့်ရေး မပေးသင့်ဘူးလို့ ကျနော်ကတော့ ထင်ပါတယ်။”

ပြီးခဲ့တဲ့ နှစ်က မြန်မာနိုင်ငံကို သွားရောက်လေ့လာခဲ့တဲ့ Mr. Green က မြန်မာ စစ်တပ်ကို တခြား နည်းလမ်းတွေနဲ့ ကူညီလို့ ရတယ်ဆိုတာကိုလည်း ကြားနာပွဲမှာ ခုလို ပြောသွားခဲ့ပါတယ်။

“စစ်ဖက် ပညာရေးနဲ့ လေ့ကျင့်ရေးပေးတာမျိုး ဒါမှမဟုတ်လည်း သမားရိုးကျ လမ်းကြောင်းတွေက မဟုတ်တဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်လို့ရမယ်လို့ ထင်ပါ တယ်။ စစ်တပ်ဆိုတာ ဘာလဲဆိုတာကို နားလည်ဖို့ လေ့ကျင့်ရေး အစီအစဉ်တွေ ကို ဘယ်လိုလုပ်သလဲ ဘယ်လိုလေ့ကျင့် သင်တန်းပေးသလဲ ဆိုတဲ့ဖက်မှာ ကူညီနိုင်ပါတယ်။”

ပြီးခဲ့တဲ့ နှစ် နွေရာသီတုန်းက မြန်မာနိုင်ငံမှာ ကာကွယ်ရေးဝန်ကြီးဌာနမှာ အချိန်တော်တော်ကြာကြာ လေ့လာခဲ့တယ်လို့ ပြောတဲ့ ဒေါက်တာ Michael Green က မြန်မာစစ်တပ်အနေနဲ့ သူ့ရဲ့ တပ်တွေကို လေ့ကျင့်သင်တန်းတွေ ရရှိနိုင်ဖို့ စိတ်ဝင်တစားရှိကြတယ်လို့ ဆီးနိတ်လွှတ်တော်မှာ ကြာသပတေးနေ့ က လုပ်ခဲ့တဲ့ အမေရိကန်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုတွေ၊ စိန်ခေါ်မှုတွေ ဆိုင်ရာကြားနာပွဲမှာ ပြောသွားခဲ့ပါတယ်ရှင်။
XS
SM
MD
LG