သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းလက်နက်ကိုင် ၄ ဖွဲ့အကောင့်တွေပိတ်ခဲ့တဲ့ FaceBook ကို ကန်ဝါရင့်အမတ် ရှင်းလင်းချက်တောင်းခံ


အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဝင် ဝါရင့် ဒီမိုကရက် အထက်လွှတ်တော်အမတ် Edward Markey
အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဝင် ဝါရင့် ဒီမိုကရက် အထက်လွှတ်တော်အမတ် Edward Markey

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့ရဲ့ Facebook အကောင့်တွေကို ပိတ်လိုက်ခြင်းအားဖြင့် အစိုးရဘက်က ငြိမ်းချမ်းရေးစေ့စပ်ညှိုနှိုင်းနေသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ အမေရိကန်နဲ့ နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့တွေအပါအဝင် ပြင်ပကမ္ဘာနဲ့ စေ့စပ်မှုလမ်းကြောင်းကို ဖြတ်တောက်လိုက်တာဖြစ်တယ်လို့ အမေရိကန် ဝါရင့်အထက်လွှတ်တော်အမတ်တဦးက Facebook ကုမ္ပဏီကို ပြင်းပြင်း ထန်ထန်ေ၀ ဖန်လိုက်ပါတယ်။

ဒီအဖွဲ့လေးဖွဲ့ရဲ့ Facebook အကောင့်တွေကို ပိတ်လိုက်တာနဲ့ပတ်သက်လို့ ကုမ္ပဏီ CEO Mark Zuckerberg ကို မေးခွန်းလေးခု တိုက်ရိုက်မေးထားတဲ့ အထက်လွှတ်တော်အမတ် Edward Markey ရဲ့ အိတ်ဖွင့်ပေးစာကို အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ကလည်း ကြိုဆိုလိုက်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ ရက်စွဲနဲ့ ကုမ္ပဏီ CEO Mark Zuckerberg ကို ပေးပို့ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဝင် ဝါရင့် ဒီမိုကရက်အထက်လွှတ်တော်အမတ် Edward Markey ရဲ့ အိတ်ဖွင့်ပေးစာမှာ- တိုင်းရင်းသားလက်နက်ကိုင် လေးဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA၊ ရက္ခိုင့်တပ်ဖွဲ့ AA၊ ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ တအာင်းတပ်ဖွဲ့ TNLA စတာတွေရဲ့ Facebook အကောင့်တွေကို ပိတ်လိုက်တဲ့ ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ Mark Zuckerberg အနေနဲ့ ပြည့်ပြည့်စုံစုံ ဖြေရှင်းပေးဖို့ ဖေါ်ပြထားပါတယ်။ ဒါအပြင် မတ်လ (၁)ရက်နေ့ နောက်ဆုံးထားပြီး စာနဲ့ ရေးသားတုန့်ပြန်ဖို့လည်း Mark Zuckerberg ကို မန်ဆက်ချူးဆက်ပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ် Markey က တောင်းဆိုထားပါတယ်။

အခုလို အထက်လွှတ်တော် အမတ် Markey က Facebook ကိုပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာကို ကြိုဆိုကြောင်း အမေရိကန်ပြည်ထောင်စုအခြေစိုက် ကချင်မဟာမိတ်အဖွဲ့ဥက္ကဌ Gum Sang က ဗွီအိုအေကိုပြောပါတယ်။

"လွှတ်တော်ကို ကျနော်တို့ စာရေးဖြစ်ပါတယ်။ Facebook နဲ့ ပတ်သက်ပြီးမှ Supervise လုပ်နေတဲ့ ကော်မတီက လွှတ်တော်အမတ်တွေ ကိုပေါ့နော်။ ဒီလိုပိတ်တဲ့နေရာမှာ တချို့ ကချင် Facebook စာမျက်နှာတွေ၊ နောက်အဖွဲ့ ၄ ဖွဲ့ နဲ့ ပတ်သက်တယ်ဆိုပြီး ပိတ်ခဲ့တာတွေကို ဒီဟာက ဘယ်လိုမျိုး စံနှုန်းစံထားနဲ့ ပိတ်တဲ့အကြောင်း သိချင်ပါတယ်ဆိုတာကို ကျနော်စာပို့တယ်။ Facebook ရေးတဲ့အထဲမှာ Dangerous organization ဆိုတာ စိုးရိမ်ရတဲ့ အဖွဲ့အစည်းလို့ နာမည်တပ်ထားတဲ့ အပေါ်မှာ ဘယ်ဟာကို ကြည့်ပြီးမှ သုူတို့ ဒီစံနှုန်းကို ယူပြီးတော့ ရေးလဲဆိုတာကို ကျနော်တို့ မေးဖြစ်ပါတယ်။ အခုက အမတ် Markey က နေပြီးတော့ ဒီလိုစာပြန်ထုတ်တော့ ကျနော်တို့ ကြိုဆိုပါတယ်ခင်ဗျ။"

အထက်လွှတ်တော် အမတ် Markey ရဲ့စာမှာ အဓိကမေးထားတဲ့ မေးခွန်းလေးခုကတော့- KIA၊ AA၊ MNDAA၊ TNLA စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို Facebook အနေနဲ့ ဘာကြောင့် အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်သလဲ၊ ဒါပေမယ့် လူမျိုးတုန်းသတ်ဖြတ်မှုတွေကျူးလွန်ကြောင်း စွပ်စွဲခံထားရတဲ့ မြန်မာစစ်တပ်ကိုတော့ ဘာကြောင့်အကြမ်းဖက် အဖွဲ့လို့ မသတ်မှတ်ရတာလဲ၊ အဲဒီလို တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့ကိုပဲ ခွဲခြားပြီး အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်တာဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မှာ မြန်မာအစိုးရဘက်ကို Facebook က ထောက်ခံတဲ့သဘောလား၊ ဒီလေးဖွဲ့ရဲ့အကောင့်တွေကို ပိတ်ပင်ဖို့ ဘယ်သူက အဓိကဆုံးဖြတ်သလဲ၊ နောက် ကုမ္ပဏီတွင်း ဆုံးဖြတ်ချက်ချတဲ့ ဖြစ်စဉ်မှာ ဘယ်သူပါသလဲ စတာတွေကို အထက်လွှတ်တော်အမတ် Edward Markey က မေးထားပြီး သတင်းတပတ်အတွင်း စာနဲ့ပြန်ဖြေကြားဖို့ Mark Zuckerberg ကို တောင်းဆိုထားပါတယ်။

ကချင်မဟာမိတ်အဖွဲ့ဥက္ကဌ Gum Sang ကလည်း ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA လိုအဖွဲ့အစည်းဟာ အကြမ်းဖက်အဖွဲ့ မဟုတ်ပဲ နိုင်ငံတကာနဲ့ ဆက်ဆံလှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ကြောင်း အခုလိုပြောပါတယ်။

“ KIO က dangerous organization အန္တရာယ်ပြုတဲ့ အဖွဲ့အစည်းဆိုတာ မဟုတ်ပါဘူး။ မဟုတ်လို့လည်းနိုင်ငံတကာနဲ့ ဆက်ဆံတဲ့ အဖွဲ့အစည်းဖြစ်နေတာပါ။ တချို့ဟာတွေက ကချင်စာနဲ့ ရေးထားတာတွေပါ။ Facebook ဆုံးဖြတ်ချက်မှာ ကချင်စာနားလည်တဲ့ ကချင်တိုင်းရင်းသား ဘယ်နှစ်ဦးပါဝင်လဲ။ ကျနော်တို့ကြားသိရသလောက် ပါဝင်မှုတောင်မရှိပါဘူး။ အဲ့တော့ Facebook နဲ့ပဲ အများကြီးသက်ဆိုင်ပါတယ်။ Facebook က မြန်မာအစိုးရရဲ့ တိုက်တွန်းချက်ကြောင့် အဲဒီလို ပိတ်လိုက်တာလားဆိုတဲ့ မေးခွန်းဖြစ်လာပါတယ်။"

မေး။ ။ အဲဒါဆိုရင် အဲဒီ KIO ရဲ့ Facebook အကောင့်ဆိုတဲ့အပေါ်မှာ ပုံမှန်ဘာတွေ တင်ပြနေတာလဲရှင့်။

ဖြေ။ ။ "နိုင်ငံရေးနဲ့ ပတ်သက်မှုနည်းပါတယ်။ ကျနော်တို့ ကချင်ပြည်နယ်မှာဆိုရင် အစိုးရ အုပ်ချုပ်တဲ့နေရာမျိူးရှိသလို၊ KIO အဖွဲ့က အုပ်ချုပ်တဲ့နေရာလည်း ရှိပါတယ်။ KIO အုပ်ချုပ်တဲ့နေရာမှာ သတင်းတွေကို ဘယ်သူမှမသိဘူး။ ဒုက္ခသည်တဝက်ကျော်က KIO အုပ်ချုပ်တဲ့ ဒေသဘက်မှာရှိနေတာ။ အဲဒီနေရာမှာရှိနေတဲ့ ဒုက္ခသည်တွေအကြောင်း၊ ကိုယ့်ရဲ့ ဆွေမျိုးသားချင်းတွေအကြောင်းသိဖို့ဆိုရင် KIO နဲ့ပတ်သက်တယ်ဆိုတဲ့ Facebook အကောင့်မှာ တင်ထားတာတွေကိုပဲ ကြည့်ခွင့်ရတာပါ။ အဲဒီလိုဆိုတော့ ဒီလိုပိတ်ရခြင်းက တကယ်ဆိုရင် မြန်မာစစ်တပ်ကို စစ်ရာဇဝတ်မှုနဲ့ပတ်သက်ပြီး အရင်က Facebook ကနေပြီး အမုန်းတရားတွေ ဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး ပိတ်ခဲ့လို့ အခုလို တန်ပြန်လုပ်တဲ့သဘောလို့ ကျနော်တို့ ယူဆပါတယ်။"

အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီရဲ့ အစီရင်ခံစာမှာ မြန်မာစစ်တပ်နဲ့တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လေးဖွဲ့ရဲ့ အကောင့်တွေကို Facebook ကသီးသန့်ခွဲခြား ပိတ်ပင်ခဲ့ပေမဲ့ မြန်မာစစ်တပ်နဲ့ သူ့ရဲ့မဟာမိတ်လက်နက်ကိုင်အုပ်စုတွေရဲ့ အကောင့်တွေ ဆက်ပြီး အသုံးပြုနေတာကို Facebook က ပိတ်ပင်နိုင်ခြင်းမရှိတာ နည်းလမ်းမကျသလို၊ စိုးရိမ်မကင်းဖြစ်မိကြောင်း ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံ လက်နက်ကိုင် ပဋိပက္ခတွေမှာ ဖိနှိပ် ရက်စက်မှုတွေကိုကျူးလွန်ဖို့ ထောက်ခံခဲ့တဲ့ အမုန်းတရားပွားစေတဲ့ စကားတွေကို တိုက်ဖျက်ဖို့ Facebook ကကြိုးပမ်းခဲ့တာကို သူ့အနေနဲ့ အသိမှတ်ပြုပေမဲ့ ဒီလက်နက်ကို လေးဖွဲ့ရဲ့ အကောင့်စာမျက်နှာတွေကို Facebook ကနေ ပိတ်လိုက်တာဟာ တိုင်းရင်းသားတွေနဲ့ ပြန်လည်ရင်ကြားစေ့ရေးကြိုးပမ်းမှုကို ဟန့်တားရာရောက်တယ်လို့လည်း အထက်လွှတ်တော်အမတ် Markey ကပြောခဲ့ပါတယ်။ ဒီလေးဖွဲ့ရဲ့ အကောင့်တွေကို Facebook ကပိတ်လိုက်ရတဲ့ အကြောင်းအရင်းဟာ မရှင်းလင်းသလို၊ Facebook ရဲ့ အမုန်းတရား ဟန့်တားရေး မူဝါဒနဲ့ ပတ်သက်လို့ လည်း အဓိပ္ပါယ်ကောက်ယူမှု လွဲမှားစေကြောင်း Edward Markey ရဲ့စာမှာ ဖေါ်ပြထားပါတယ်။

အထက်လွှတ်တော်အမတ် Markey ဟာ အမေရိကန်ပြည်ထောင်စုမှာ Facebook အပါအဝင် ဆိုရှယ်မီဒီယာ တွေရဲ့ အခန်းကဏ္ဍကို စောင့်ကြည့်ပြီး အွန်လိုင်းပေါ်မှာ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ကာကွယ်တဲ့ ဥပဒေ ထပ်ပြီးတိုးချဲ့ဖို့ လွှတ်တော်မှာ ဦးဆောင်လှုပ်ရှားနေသူလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG