သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Belarus ရောက်


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးစီးသော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဘယ်လာရုဏ်သမ္မတနိုင်ငံက ဒုတိယကမ္ဘာစစ်အတွင်း သမိုင်းဝင်ခံစစ်နေရာနဲ့ စစ်သမိုင်းပြတိုက်ကို လေ့လာနေစဉ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးစီးသော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဘယ်လာရုဏ်သမ္မတနိုင်ငံက ဒုတိယကမ္ဘာစစ်အတွင်း သမိုင်းဝင်ခံစစ်နေရာနဲ့ စစ်သမိုင်းပြတိုက်ကို လေ့လာနေစဉ်။

မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တနင်္လာနေ့က ဘယ်လာရုစ်နိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိလာပါတယ်။ ဒါ့အပြင် ခရီးစဉ်အတွင်း ခတ္တရပ်နားခဲ့တဲ့ ရုရှားနိုင်ငံ မော်စကိုလေဆိပ်မှာ ရုရှားစစ်ဘက်အရာရှိတွေနဲ့တွေဆုံပြီး နှစ်နိုင်ငံ စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြတာပါ။ အနောက်အုပ်စုနိုင်ငံတွေထဲမှာ အထူးသဖြင့် အမေရိကန်နဲ့သဘောထားတင်းမာနေတဲ့ ဘယ်လာရုစ်နိုင်ငံကိုသွားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ခရီးစဉ်ဟာ နိုင်ငံတကာဆက်ဆံရေး ချိန်ခွင်လျှာညှှိတဲ့သဘောမျိုး သက်ရောက် နေတယ်လို့ မြန်မာ့စစ်ရေး ကျွမ်းကျင်သူ တဦးက ဗွီအိုအေကိုပြောပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြပေးထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အဖွဲ့ဟာ ဘယ်လာရုစ်နိုင်ငံ ဝန်ကြီးချုပ်ရဲ့ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်တာပါ။ ဒီခရီးစဉ်မှာ စစ်ရေးအရ နှစ်နိုင်ငံ အကျိူးတူကိစ္စရပ်တွေ ဆွေးနွေးဖို့နဲ့ ယဉ်ကျေးမှုဆိုင်ရာတွေကို လေ့လာဖို့ ဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။ ဘယ်လာရုစ်နိုင်ငံမရောက်ခင်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံ မော်စကိုလေဆိပ်မှာ ခတ္တခဏရပ်နားခဲ့ပြီး ရုရှားစစ်ဘက် အရာရှိတွေနဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီခရီးစဉ်မှာ စစ်ရေး၊ နိုင်ငံရေးအရပါဝင်တာတွေ့ရတာကြောင့် နိုင်ငံအကြီးအကဲတာဝန်ကိုလွဲှပြောင်းယူဖို့ အလားအလာရှိတဲ့ စစ်တပ်က ခေါင်းဆောင်တွေ လုပ်လေ့လုပ်ထရှိတဲ့ ပြည်ပခရီးစဉ်မျိုးဖြစ်တယ်လို့ စစ်ထောက်လှမ်းရေးအရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ် က ပြောပါတယ်။

“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခု ရက်ပိုင်းလပိုင်းတွေအတွင်းမှာ နိုင်ငံခြားခရီးတွေကို တော်တော်များများ သွားပါတယ်။ ကျနော်တို့တပ်မတော် မှာတော့ နိုင်ငံ့ခေါင်းဆောင်တင်ဖို့ အချိန် နီးတဲ့အချိန်အခါမျိုးမှာ လူကြီးလုပ်တဲ့လူတွေက၊ ခေါင်းဆောင်ပေါ့လေ- ဗိုလ်ချုပ်ကြီးလို ဟာမျိုးကို နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံမှုများအောင်ဆိုပြီးတော့ နိုင်ငံတကာကို တော်တော်များများလွှတ်တာတွေတော့ ရှိပါတယ်။ ကျနော့အမြင်ပြော ရရင်တော့ တကယ်လို့များ ဗမာပြည်မှာ အခုအတိုင်းပဲပေါ့လေ၊ နိုင်ငံရေးအပြောင်းအလဲတွေ မရှိဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြောင်းဘူးဆိုရင်တော့ နောင်သမ္မတအတွက်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုများ မျှော်မှန်းထားသလားဆိုတဲ့အမြင်မျိုး ကျနော် စဉ်းစားမိပါတယ်ခင်ဗျ။”

စစ်ရေးအရကြည့်ရင် မြောက်ကိုးရီးယားနဲ့ စစ်ရေးဆက်ဆံမှု ရပ်ဆိုင်းထားချိန်၊ တဖက်မှာလည်း တရုတ်နဲ့ဆက်ဆံရေးက အရင်လောက် နီးနီးကပ်ကပ် မရှိတာကြောင့် စစ်ရေး နိုင်ငံရေးအရချိန်ထိုးပြီး သွားတဲ့ ခရီးစဉ်ဖြစ်တယ်လို့ ဦးအောင်လင်းထွဋ်က ပြောပါတယ်။

“တရုတ်နဲ့ဆက်ဆံရေးက ကျနော်သိရသလောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း တရားဝင်ခရီးစဉ်အနေနဲ့ တရုတ်ပြည်ကို မကြာခင်မှာပေါ့လေ-ရှေ့လလောက်မှာ သွားလည်မယ်လို့ သိရပါတယ်။ တရုတ်နဲ့ နိုင်ငံရေး၊ စစ်ရေး ဆက်ဆံရေးပိုင်းမှာလည်း ဗမာလက်ရှိအစိုးရက အရင်စစ်အစိုးရလောက် သိပ်ရင်းရင်းနှီးနှီးဆက်ဆံမှုကို မဝံ့မရဲဖြစ်သလို တရုတ်ဘက်ကလည်း အခု လက်ရှိဖြစ်နေတဲ့ မြစ်ဆုံဆည်ကိစ္စတွေ၊ ဝမ်ပေါင်ကိစ္စတွေအပေါ်မှာမူတည်ပြီးတော့မှ လက်ရှိ ဗမာအစိုးရကိုဆက်ဆံတဲ့အပိုင်းဟာ နည်းနည်းလေး ကျဲလာတဲ့အနေအထား ရှိပါတယ်။ ဒါကြောင့်မို့ အခု ဘဲလားရုစ် ကိုသွားတာက ဘဲလားရုစ်သည် အမေရိကန်နဲ့ မတည့်တဲ့ နိုင်ငံလို့ ကျနော်တို့ ပြောလို့ရပါတယ်။ ရုရှားရဲ့နိုင်ငံလို့ပဲ ကျနော်တို့ သုံးသပ်လို့ရတယ်။ ရုရှားနဲ့ဗမာစစ်တပ်နဲ့က စစ်အစိုးရခေတ်တလျှောက်လုံးပေါ့လေ၊ အဏုမြူစီမံကိန်းတွေအပါအဝင် အကုန်လုံးမှာ ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့ပါတယ်။ အဲဒီတော့ စစ်ရေးကော၊ နိုင်ငံရေးအပိုင်းရော ချိန်ထိုးပြီးမှ သွားတယ်လို့ ကျနော် မြင်ပါတယ်ခင်ဗျ။”

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ခရီးစဉ်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ဆက်ဆံရေးကို ပြန်ပြီးချိန်ခွင်လျှာညှိတဲ့သဘောလည်း တွေ့ရတယ်လို့ သူက ဆိုပါတယ်။

“သူတို့ထင်သလို ဗမာအစိုးရဖြစ်လာတဲ့အခါမှာ အမေရိကန်အစိုးရပိုင်းအနေနဲ့လည်း နောက်ပြန်ဆုတ်ရမယ့် အနေအထားမျိုးဖြစ်လာတဲ့အခါမှာ တစ် တရားခံဖြစ်တဲ့ ဦးအောင်သောင်း၊ ဦးအောင်သောင်း နာမည်ကြီးမှ- ကျနော်တို့ခေတ်ကတည်းက သူ့ကို nickname အနေနဲ့ ပုဏ္ဏားလို့ ကျနော်တို့ ပေးထားတာပါ။ အခု ပြောသလိုပဲ၊ ဒီပဲယင်းကိစ္စအပါအဝင် ကျန်တဲ့ကိစ္စတွေ အများကြီးမှာ၊ သံဃာ့အရေးအခင်းလည်းပါတယ်ဗျ၊ အဲဒီအချိန်မှာ ဦးအောင်သောင်းရဲ့လက်ချက် မကင်းပါဘူး။ ဦးအောင်သောင်းက အားလုံးသိတဲ့အတိုင်းပါပဲ၊ သွားလေသူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ တကယ့် လက်ကတုံးတောင်ဝှေး ဖြစ်ပါတယ်။ အဲဒီတော့ ဦးအောင်သောင်းကို အမေရိကန်အစိုးရက လုပ်လိုက်တာသည် ဗမာအစိုးရ လက်ရှိ စစ်အစိုးရပဲ ပြောရမှာပေါ့ဗျာ၊ စစ်တပ် မျက်နှာဖုံးချွတ်ထားတာတွေပဲ၊ ဒီအပေါ်မှာ အားလုံးသက်ရောက်မှုရှိပါတယ်။ ဒါကြောင့်မို့လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ကလည်း ပြန်ပြတဲ့အနေနဲ့ ရုရှားနဲ့ တို့လည်း ထိတွေ့လို့ရတယ်ဆိုတဲ့ ပုံစံမျိုးကလည်း သွယ်ဝိုက်သောနည်းအားဖြင့်တော့ သက်ဆိုင်နေတယ်လို့ မြင်ပါတယ်။”

၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ ဘယ်လာရုစ်ဝန်ကြီးချုပ် Mikhail Myasnikovich (မီးခေးလ်မြန်နီကိုဗစ်ဂျ်) ဟာ မြန်မာနိုင်ငံကို ပထမအကြိမ်ရောက်ခဲ့ပြီး ပညာရေး၊ စိုက်ပျိူးရေး၊ စက်မှုလုပ်ငန်းဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူညီခဲ့ကြပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ် ဧပြီလမှာ ဝန်ကြီးချုပ် မြန်နီကိုဗစ်ဂျ်ဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် ချစ်ကြည်ရေးခရီးစဉ်အဖြစ်သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံနဲ့ပူးတွဲပြီး ရေနံ သဘာဝဓာတ်ငွေ့၊ သတ္တုတူးဖေါ်မှု အလားအလာတွေကိုလည်း လေ့လာခဲ့ပါတယ်။ နှစ်နိုင်ငံသဘောတူညီချက်အရ မြန်မာ့စွမ်းအင်ဝန်ကြီးကလည်း သဘာဝဓာတ်ငွေ့ တူးဖေါ်လေ့လာဖို့ ဘယ်လာရုစ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ နှစ်နိုင်ငံကုန်သွယ်ရေးဟာ ၂၀၁၀ ပြည့်နှစ်က အမေရိကန်ဒေါ်လာ ၂ သန်းကျော်ရှိခဲ့ရာကနေ ၂၀၁၁ ခုနှစ်မှာ ၂၇ သန်းကျော်ထိ တိုးမြှင့်ခဲ့တာပါ။ အထူးသဖြင့် Multi Purpose Vehicle လို့ခေါ်တဲ့ မော်တော်ယာဉ်တွေကို ဘယ်လာရုစ်ကနေ မြန်မာနိုင်ငံကို တင်သွင်းနေတာပါရှင်။

XS
SM
MD
LG