သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကာချုပ်တက်မည်


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဖွင့်ပွဲမှာတော့တခြား နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့ အတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖို့ ရှိနေပါတယ်။တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တချို့နဲ့ မြန်မာ အစိုးရကြား ဆယ်စုနှစ်တွေ အတွင်း ပထမဆုံးအကြိမ် နိုင်ငံရေး ဆွေးနွေးပွဲ အဖွင့်ဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို မနက်ဖြန် အင်္ဂါနေ့မှာ စတင်ဖို့ အတွက်လည်း သမ္မတ ဦးသိန်းစိန် အတော်လေး စိတ်အားထက်သန်နေပါတယ်။မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

နေပြည်တော်မှာ ဇန်နဝါရီလ ၁၂ ရက်နေ့ အင်္ဂါနေ့မှာ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဖွင့်ပွဲမှာတော့ သမ္မတ ဦးသိန်းစိန်၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းတို့ နဲ့ အတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်မှာ ဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာ တာဝန်ရှိသူ တဦးဖြစ်တဲ့ ဦးညိုအုန်းမြင့်က အတည်ပြု ပြောပါတယ်။

“ကျနော်တို့ Agenda တွေကို ညှိနေရတာပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ပါမယ်တဲ့ ။ အဲဒီတော့ ကျနော်တို့ကတော့ သူမိန့်ခွန်းပြောမယ် ၊ မပြောဘူး ဆိုတဲ့ဟာကျတော့ သူတို့ Agenda ပြီးမှာ ကျနော်တို့ သိရမှာပါ။ အားလုံးကို ဖိတ်ထားပါတယ်။ အားလုံးလည်းတက်ကြမှာပါ ဒါပေမယ့် သူမိန့်ခွန်းပြောဖို့ ၊ ကျနော်တို့ အဖွင့်ပြောဖို့အတွက်၊ နှုတ်ခွန်းဆက်ပြီးပြောဖို့အတွက်ကတော့ ဒီ ၅ ယောက် လို့တော့ ကျနော်တို့ ပထမပိုင်းမှာတော့ အကြမ်းအားဖြင့် သက်မှတ်ထားတာတော့ရှိပါတယ်။”

မြန်မာ့နိုင်ငံရေး ထိပ်တန်းခေါင်းဆောင်တွေ အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင် အဖြစ် ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးကိုလည်း ဖိတ်ကြားထားတယ်လို့ တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ် NCA ကို ပါဝင် လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

“ကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပူးတွဲကော်မတီ UPDJC အနေနဲ့ကျနော်တို့ ခေါင်းဆောင်ကြီး ၅ ယောက်ကို ကျနော်တို့ဖိတ်ကြားပါတယ်။ အဲဒီမှာ ကျနော်တို့ သမ္မတကြီး ဦးသိန်းစိန်ကတော့ အဖွင့်အမှာစကားပြောကြားမယ်။ ပြီးရင်ကျနော်တို့ ဖိတ်ကြားထားတာကတော့ ကျနော်တို့ ပြည်ထောင်စုလွှတ်တော် နာယကကြီး သူရဦးရွှေမန်း၊ နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နောက် ဒေါ်အောင်ဆန်းစုကြည်ပေါ့လေ။ နောက်ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အစုအဖွဲ့က ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ၊ KNU ဥက္ကဋ္ဌကြီး ဗိုလ်ချုပ် မူတူးဆေးဖိုး ကျနော်တို့ဖိတ်ထားပါတယ်။ အခုကတော့ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မယ်လို့တော့ ကျနော်တို့ သိထားပါတယ်။ ကြားထားပါတယ် ခင်ဗျ။ ”

သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA မှာ တိုင်းရင်းသား လက်နက်ကိုင် အားလုံး ပါဝင်လာအောင် မဆောင်ရွက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အခု သဘောတူညီမှုရထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နဲ့ စတင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲက ငြိမ်းချမ်းရေး အတွက် အခြေခံကောင်းတခု ဖြစ်စေဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အဖွင့် အတွက် သမ္မတ ဦးသိန်းစိန် အတော်လေး စိတ်အားထက်သန်နေတယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

“စိတ်အားထက်သန်တာကတော့ သူ တစိုက်မတ်မတ် သူ့သက်တမ်းမှာလုပ်လာတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ အခုကျနော်တို့ အကုန်လုံးမြင်တွေ့ခဲ့ပြီး ဖြစ်တဲ့အတိုင်း ပေါ့နော် နိမ့်လိုက် ကျလိုက်ပေါ့နော်၊ အနိမ့်အမြင့် အတက်အကျတွေရှိတယ်။ အခုသဘောတူတယ်၊ နောက်တခါကျရင် သဘောထားတွေက ပြောင်းသွားပြန်တယ်ပေါ့နော်။ နောက် ညှိနှိုင်းတဲ့အခါမှာ ကျနော်တို့က နှစ်ပေါင်း ၆၀ လောက်ပေါ့နော် ကျနော်တို့ လုပ်ခဲ့တဲ့၊ အခု လုပ်နေတဲ့ All Inclusive ဆိုတာက ဘယ်တုန်းကမှ မရှိခဲ့ဘူးပေါ့နော် ။ နောက်အထူးသဖြင့် နိုင်ငံရေးဆွေးနွေးပွဲသွားမယ်ဆိုတာက ဘယ်တုန်းကမှ မရှိခဲ့ဘူးပေါ့နော်။ အဲဒါကို ကျနော်တို့က သွားတဲ့အတွက် ဒါကိုတော့ သူက တကယ်ကို လိုလိုလားလားပေါ့နော် ဖြစ်စေချင်တဲ့အတွက်လည်း ဒီလိုမျိုး ဘယ်သူမှ မလုပ်ခဲ့ဘူးတဲ့ နည်းလမ်းတွေ လုပ်နေတာဖြစ်တယ်။”

နေပြည်တော်မှာ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပြင်ဆင်မှုတွေကိုလည်း ဆွေးနွေးပွဲ မစခင် တရက် အလို တနလာၤနေ့မှာ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် သွားကြည့်ခဲ့တယ်လို့လည်း သမ္မတရုံး ညွှန်ကြားရေးမှူးက ပြောပါတယ်။ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နဲ့ မြန်မာ အစိုးရကြား စတင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲမှာတော့ အစိုးရ၊ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့၊ တပ်မတော်၊ လွှတ်တော်နဲ့ နိုင်ငံရေး ပါတီတွေ နောက် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ပါဝင်သင့် ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ စုစုပေါင်း ကိုယ်စားလှယ် ၇၀၀ နီးပါးတို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG