သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ယာယီခေါင်းဆောင်တွေနဲ့ အမေရိကန် ထိပ်တန်းသံတမန် တွေ့ဆုံ


အီဂျစ်ယာယီသမ္မတ Adli Mansour (ညာ) နဲ့ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး William Burns တို့ တွေ့ဆုံစဉ် (၁၅ ဇူလိုင် ၂၀၁၃)
အီဂျစ်ယာယီသမ္မတ Adli Mansour (ညာ) နဲ့ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး William Burns တို့ တွေ့ဆုံစဉ် (၁၅ ဇူလိုင် ၂၀၁၃)
အီဂျစ်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေမှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်တဲ့ အစိုးရနဲ့ ကဏ္ဍစုံကလူတွေ ပါဝင်နိုင်ရေး ဖိအားပေး ပြောဆိုဖို့ အမေရိကန်အရာရှိတွေ ကိုင်ရိုမြို့မှာ ရောက်နေပါတယ်။

အခုလ အစောပိုင်းတုန်းက အစ္စလာမ်ဝါဒီ သမ္မတ မိုဟာမက် မော်စီကို စစ်တပ်က ဖြုတ်ချလိုက်ပြီးတဲ့နောက်ပိုင်း အဆင့်အမြင့်ဆုံး အမေရိကန် အရာရှိတဦးအနေနဲ့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Bill Burns အီဂျစ်နိုင်ငံကို ပထမဆုံးအကြိမ် ရောက်လာတာ ဖြစ်ပါတယ်။

တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ ပြုလုပ်မယ့် သူ့ရဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေအတွင်း လူမှုအဖွဲ့အစည်းနဲ့ စီးပွားရေးပိုင်းက ခေါင်းဆောင်တွေလည်း ပါဝင်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မစ္စတာ မော်စီကို ရာထူးက ဖြုတ်ချလိုက်တဲ့အပေါ် ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ သူ့ကို ထောက်ခံသူတွေ တနင်္လာနေ့မှာ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြကြဖို့ မူဆလင် ညီအကိုတော်များအဖွဲ့က တိုက်တွန်းထားတဲ့အချိန် အမေရိကန်နဲ့ အီဂျစ် အရာရှိတွေ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

သမ္မတဟောင်း မော်စီကို ရာထူးပြန်အပ်ပေးဖို့ ထောင်နဲ့ချီတဲ့ ထောက်ခံသူတွေ ကိုင်ရိုမြို့ အရှေ့မြောက်ဘက်က ဗလီကျောင်းမှာ ရက်ဆက်ဆိုသလို စုဝေး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

တနင်္လာနေ့မှာပဲ စက်ရုံအလုပ်သမားတွေ သယ်လာတဲ့ ဘတ်စ်ကားကို ဆိုင်းနိုင်းမြို့မြောက်ဖက် El-Arish မြို့မှာ သောင်းကျန်းသူတွေလို့ မသင်္ကာရသူတွေက တိုက်ခိုက်ခဲ့တဲ့အတွက် အနဲဆုံး ၃ ဦး သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
XS
SM
MD
LG