သုံးရလွယ်ကူစေသည့် Link များ

တရုတ်လူမျိုး ၈ ဦး နှစ်ရှည်ထောင်ဒဏ်


တရုတ်နိုင်ငံသား တချို့ကို လက်နက်မှု၊ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ပုဒ်မတွေနဲ့ မြန်မာနိုင်ငံ အထက်ပိုင်း မုံရွာတရားရုံးကနေ ထောင်ဒဏ် အသီးသီး ချမှတ်လိုက်ပါတယ်။ လက်နက်တွေကို တရုတ်ပြည်ကနေ မြန်မာနိုင်ငံကို ဖြတ်ပြီး အိန္ဒိယနိုင်ငံ ဆီ သယ်ဆောင်လာချိန် တမူးမြို့မှာ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကို အတည်ပြု ပြောကြားပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မခွာညိုက ပြောပြပေးပါ့မယ်။

တရုတ်လူမျိုး (၈) ယောက်နဲ့အတူ ဖမ်းဆီးရမိတဲ့ လက်နက်တွေကတော့ ပစ္စတို ၈ လက်၊ ကျည်မျိုးစုံ ၂ ထောင်နီးပါး၊ ဗုံး၃၁ လုံး၊ စစ်တပ်သုံးဓားတွေ၊ ကျည်ကာအင်္ကျီတွေနဲ့ အဝေးကြည့်မှန်ပြောင်းတွေ ပါဝင်တယ်လို့ ပြည်တွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ သူတို့ကို စစ်ဆေးချိန်မှာ ကိုးကန့် စစ်တပ်အတွင်း စစ်ရေးလေ့ကျင့်ခန်းပေးချိန်မှာ ကိုးကန့်က စစ်ဘက် အကြီးအကဲတစ်ဦးကို သတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်လာခဲ့တာကိုလည်း တရားရုံးမှာ ဝန်ခံခဲ့တဲ့အကြောင်း ၊ ဖမ်းဆီးရမိချိန်မှာ မောင်းပြန်သေနတ်တွေလည်း ပါဝင်ခဲ့တဲ့ အကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲဦးစီး အရာရှိ ရဲမှူးချုပ် ဝင်းခေါင်က အတည်ပြု ပြောကြားခဲ့ပါတယ်။


“ဧပြီလ ၂၅ ရက်နေ့တုန်းက တမူးမြို့ဘက် ၃ မိုင် စစ်ဆေးရေး ဂိတ်ဘက်နားမှာ တရုတ်တရားခံ ၈ ဦးပါတဲ့ကားကို စစ်ဆေးရေးအဖွဲ့က ရှာဖွေ စစ်ဆေးတာပေါ့။ အဲဒီမှာ မောင်းပြန်သေနတ်တွေ အကုန်လုံးတွေ့တယ်။ နောက်ပြီးတော့ ဆက်သွယ်ရေးစက်ပေါ့၊ စကားပြောစက်တွေဘာတွေ အကုန်လုံးပါတယ်။ သူတို့ကလည်း တရားမဝင် ဝင်ရောက်လာတာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ လဝက- လူဝင်မှု ကြီးကြပ်ရေးဥပဒေနဲ့ရော လက်နက်ပုဒ်မနဲ့ကော ဆက်သွယ်ရေး ဥပဒေပုဒ်မနဲ့ပါ တရားစွဲတင်ခဲ့တာ ဖြစ်တယ်။ ဂျူလိုင်လ ၄ ရက်နေ့တုန်းက မုံရွာခရိုင် တရားသူကြီးရုံးကနေပြီးတော့ ဒီ ၈ ဦးစလုံးကို ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ တစ်ဦးကတော့ အားလုံး စုစုပေါင်း ဆယ်နှစ်ပေါ့၊ ကျန်တဲ့ဥစ္စာတွေကတော့ ၁၃ နှစ် ချလိုက်တာ ဖြစ်ပါတယ်။”


အရင်လည်း လက်နက်မှောင်ခိုမှုတွေ ရှိပေမယ့် အခုလို အုံနဲ့ ကျင်းနဲ့ ဖမ်းဆီးရမိ တာကတော့ ထူးဆန်းတဲ့အကြောင်း မန္တလေးမြို့က ဥပဒေ အကျိုးဆောင်တစ်ဦးဖြစ်တဲ့ ဦးသိန်းသန်းဦးက အခုလို ပြောပါတယ်။


“ဒါကတော့ ကိုယ့်နိုင်ငံထဲကို လက်နက်နဲ့ဝင်လာရင် ကျနော်တို့ ဖမ်းရမှာပါပဲ၊ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ပေါ့။ ကျနော် ထင်ပါတယ်။ အဲဒီလို ကိစ္စတွေက ကလေး၊ တမူးဘက်မှာ ရှိနိုင်တယ်ဗျ။ ဟိုတုန်းက ဝင်လာပြီးတော့ အပြစ်ပေးခံရတာတွေ၊ ဘာတွေ ရှိနိုင်ပါတယ်။ ဒါတွေကို ကျနော်တို့ မသိဘူးပေါ့နော်။ ဒီဟာကတော့ အိန္ဒိယဘက်က ဖြစ်မှာပေါ့။ ဒါကတော့ တရုတ်က ထူးထူးဆန်းဆန်းပေါ့ လက်နက်တွေလည်း ပါလာတယ်။ လက်နက်နဲ့အတူ ဝင်လာတယ်ဆိုတာ၊ ပြီးတော့ ဖမ်းတဲ့အခါမှာ အစစ်ဆေးမခံဘဲနဲ့ ကားပြန်ပြီးတော့ မောင်းပြေးပြီးတော့မှ လက်နက်တွေနဲ့ မိတယ်ဆိုတာ - ဒါကတော့ အုံနဲ့ ကျင်းနဲ့ဆိုတော့ စိတ်ဝင်စားစရာ အင်မတန်ကောင်းတဲ့ ကိစ္စ ဖြစ်ပါတယ်။”


တမူး မြို့မ ရဲစခန်းကနေ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၊ လူဝင်မှု ကြိကြပ်ရေးပုဒ်မတွေနဲ့ အရေးယူခံခဲ့ရသူတွေဟာ လူဝင်မှုကြိကြပ်ရေးပုဒ်မ ၁၃ (၁) နဲ့ လက်နက်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ - က တို့နဲ့ ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့တာ ဖြစ်ပါတယ်။


အခုလို တရုတ်နိုင်ငံသားတွေ မြန်မာပြည်တွင်းကို တရားမဝင် သယ်ဆောင်လာတဲ့ လက်နက်တွေဟာ ဘယ်အဖွဲ့အစည်းအတွက် ဖြစ်မလဲဆိုတာနဲ့ ပတ်သက်လို့တော့ ထိုင်းနိုင်ငံအခြေစိုက် ရှမ်းတိုင်းရင်းသား သတင်းထောက် ကိုစိုင်းမိန်းက အခုလို ပြောပါတယ်။


“ကျနော်တို့ ကြားသိရတာကတော့ အဲဒီ တရုတ်ကတော့ အိန္ဒိယနိုင်ငံ က တော်လှန်ရေး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပတ်သက် ဆက်နွယ်တယ်၊ ရောင်းဝယ်မှုရှိတယ်လို့ အဲလိုမျိုးတော့ ကြားတယ်လေ။ အဲဒါကို ကျနော်က သီးခြား မေးမြန်းကြည့်ချက်အရကတော့ အဲဒီ တရုတ်တွေကတော့ ဝတို့၊ မိုင်းလားတို့နဲ့ ပတ်သက်ဆက်နွယ်တာထက် ရှင်းရှင်းပြောရင် လက်နက် မှောင်ခို ကိစ္စနဲ့ပဲ ဟိုဘက် ရောက်သွားတယ်လို့ ကျနော်တို့ ကြားသိရပါတယ်။”

အခုလို တရုတ်လူမျိုးတွေကို ပြစ်ဒဏ်စီရင် ချမှတ်ခဲ့ပြီးတဲ့နောက် မြန်မာပြည် အတွင်းမှာပဲ ပြစ်ဒဏ် ကုန်ဆုံးသည်အထိ ဆက်လက် ထားရှိမရှိနဲ့ ပတ်သက်လို့လည်း ဦးသိန်းသန်းဦးက အခုလို ဆက်ပြောပါတယ်။


“ကျနော်တော့ သိပ်မထင်ဘူးဗျ။ သူတို့ တောင်းပါလိမ့်မယ်။ သူတို့တိုင်းပြည်က အမြဲတမ်း တာဝန်ကျေပါတယ်။ ကျနော်တို့ နိုင်ငံရေးမှုနဲ့ ထောင်ကျ ခဲ့ရတဲ့လက်ထက်တွေတုန်းကလည်းပဲ တရုတ်နိုင်ငံသားတွေကို ဘိန်းမှုတွေနဲ့ သူတို့အခေါ် နှစ်အကန့်အသတ်မရှိ ကျတာတွေ ရှိပါတယ်။ အဲဒါတွေက ပြန်ပြီးတော့ တောင်းထုတ်သွားတာပဲ။ နောက်တခါ ထိုင်း ငါးခိုးဖမ်းတဲ့ ငါးဖမ်းသမားတွေဆိုလည်း ဒီလိုပဲ၊ ထောင်ထဲကို ရောက် လာတယ်၊ ရောက်လာ လို့ရှိရင် အဲဒီလူတွေကို နောက်ပိုင်းမှာ သက်ဆိုင်ရာ နိုင်ငံတွေက ဆက်သွယ်ပြီးတော့ ပြန်ထုတ်သွားတာတွေ ရှိပါတယ်။ တခါတရံဆိုလို့ရှိရင် တရုတ် မူးယစ်ဆေးသမားတွေဆိုလို့ရှိရင် သူတို့ပြည်ထဲမှာ ပြန်ကျခံစေ ရမယ်ဆိုပြီးတော့ ပြန်ခေါ်သွားတာတွေ ရှိပါတယ်။ ဒီလူတွေကိုလည်း ကျနော်ထင်တာတော့ တရုတ်အစိုးရ ဘက်ကနေပြီးတော့ ပြန်ထုတ်သွား လိမ့်မယ်ဆိုပြီးတော့ ကျနော် ယူဆတယ်ဗျ။”


ဦးသိန်းသန်းဦးရဲ့ မှတ်ချက်စကားအပေါ်မှာ တရုတ်သံရုံးဘက်က အခုလို စီရင်ချက် ချခံထားရတဲ့ တရုတ်နိုင်ငံသားတွေကို ပြန်လည် လွှဲအပ်ဖို့ တောင်းဆိုမလားဆိုတာ သိရဖို့ တရုတ်သံရုံးကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

XS
SM
MD
LG