သုံးရလွယ်ကူစေသည့် Link များ

စစ်မဲ့ဇုံ မြေမြှုပ်မိုင်း ကိစ္စ မြောက်ကိုရီးယားကို တောင်စွပ်စွဲ


စစ်မဲ့ဇုန်အဖြစ် တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြားသတ်မှတ်ထားတဲ့ Panmunjom ရွာနယ်စပ်မှာ မြောက်ကိုရီးယား နယ်ခြားစောင့်စစ်သားတွေကို ကင်းစောင့်နေပုံ။

မြောက်ကိုရီးယားစစ်တပ်က နှစ်နိုင်ငံကြားစစ်မဲ့ဇုံက တောင်ကိုရီးယားဘက်ခြမ်းထဲ တရားမဝင်ကျော်ဖြတ်ခဲ့တဲ့အပြင် မြေမြှုပ်မိုင်းတွေ တမင် လာရောက်မြှုပ်နှံခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရက တနင်္လာနေ့မှာ စွပ်စွဲလိုက်ပါတယ်။

ဒီ မြေမြှုပ်မိုင်းတွေပေါက်ကွဲခဲ့တဲ့အတွက် သြဂုတ်လ ၄ ရက်နေ့က စစ်သား ၂ ဦး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါနေ့က စစ်မဲ့ဇုံတောင်ဘက်ခြမ်းမှာ တောင်ကိုရီးယားစစ်သား ၈ ဦး ကင်းလှည့်နေတုန်း မြေမြှုပ်မိုင်း ၃ လုံး ပေါက်ကွဲခဲ့တာပါ။ စစ်သားတဦးခြေနှစ်ဖက်လုံးပြတ်သွားသလို နောက်တဦးကတော့ တဖက်ပြတ်သွားခဲ့ပါတယ်။ ဗိုလ်ချုပ် ကူဟောင်မို - Ku Hong-mo- နဲ့ တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးအရာရှိချုပ်တို့က မြောက်ကိုရီးယားကို ရှုတ်ချပြစ်တင်လိုက်ပြီး တုံ့ပြန်လက်စားချေမယ်လို့ ကြုံးဝါးခဲ့ကြပါတယ်။

"တောင်မြောက် ၂ နိုင်ငံကြား ရန်မလိုဖို့နဲ့ အပစ်ရပ်ဖို့ သဘောာတူထားချက်ကို ချိုးဖေါက်ပြီး သာမန်စစ်တပ်တခု အနေနဲ့ စိတ်ကူးထဲတောင် မထည့်သင့်တဲ့ အခုလို သူရဲဘောကြောင်တဲ့ လုပ်ရပ်အတွက် ပြင်းပြင်းထန်ထန် ရငတ်ချ”-ကြောင်း ပြောသွားတာပါ။

ကိုရီးယား စစ်ပွဲပြီးဆုံးခဲ့တဲ့ ၁၉၅၃ ခုနှစ်အပြီး သတ်မှတ်ထူထောင်ခဲ့တဲ့ စစ်မဲ့ဇုံဟာ တောင်မြောက်ကိုရီးယား နှစ်နိုင်ငံကြား နယ်စပ်တလျှောက် ၄ ကီလိုမီတာအကျယ် ခြားထားတာ ဖြစ်ပါတယ်။ ဒီစစ်မဲ့ဇုံတလျှောက် သန်းနဲ့ချီတဲ့ မြေမြှုပ်မိုင်းတွေ ချထားမယ်လို့ယုံကြည်ရပြီး ဒါဟာ ကမ္ဘာ့ စစ်မဲ့ဇုံနယ်ခြားဒေသတွေထဲက စစ်အင်အား အများဆုံးချထားတဲ့ နေရာတခုလို့လည်း သတ်မှတ်ကြပါတယ်။

၂၀၁၀ တုန်းက တောင်ကိုရီးယား စစ်သင်္ဘောကို နစ်မြုပ်စေပြီး စစ်သား ၄၆ ဦးသေဆုံးခဲ့ရတဲ့နောက်မှာ မြောက်ကိုရီးယားကို တောင်ကိုရီးယားအစိုးရက စီးပွါးရေးအကူညီအတော်များများကို ဖြတ်တောက်ခဲ့သလို ဒဏ်ခတ်အရေးယူမှုတွေလည်း ချမှတ်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုအတွက် မြောက်ကိုရီးယားကို တောင်ကိုရီးယားက အပြစ်တင်ပေမယ့် မြောက်ကိုရီးယားကတော့ သူတို့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG