သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း ရဟတ်ယာဉ် ပစ်ချခံရ ဗိုလ်ချုပ်ကြီးတစ်ဦး အပါအဝင် ၁၄ ဦးသေ


ပစ်ချခံလိုက်ရတဲ့ ယူကရိန်းရဟတ်ယာဉ်။ (မေ ၂၉၊ ၂၀၁၄)
ပစ်ချခံလိုက်ရတဲ့ ယူကရိန်းရဟတ်ယာဉ်။ (မေ ၂၉၊ ၂၀၁၄)
ယူကရိန်း နိုင်ငံ အရှေ့ပိုင်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းစစ်တပ် ရဟတ်ယာဉ် တစင်းကို ပစ်ချခဲ့တဲ့အတွက် ဗိုလ်ချုပ်ကြီး တစ်ဦးအပါအဝင် တပ်သား ၁၂ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ Slovyansk မြို့နားမှာ အကြမ်းဖက်သမားတွေက ပုခုံးပေါ်တင်ပစ်ရတဲ့ ဒုံးကျည်သုံးပြီး ရဟတ်ယာဉ်ကို ပစ်ချခဲ့တာမို့ တပ်သား ၁၄ ယောက် သေဆုံးခဲ့ရတယ်လို့ ယူကရိန်း ယာယီသမ္မတ Oleksandr Turchynov က လွှတ်တော်မှာ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ သေဆုံးရသူတွေထဲမှာ နိုင်ငံတော်
စောင့်တပ်က အကြီးအကဲ ဗိုလ်ချုပ်ကြီး Serhiy Kulchytskiy လည်း ပါပါတယ်။

ကြာသပတေးနေ့ အစောပိုင်းကတော့ OSCE ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့သား ၄ ဦးကို ဖမ်းဆီးထားကြောင်း ယူကရိန်းအရှေ့ပိုင်းဒေသက ရုရှားလိုလားတဲ့ ခွဲထွက်ရေး အဖွဲ့ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။ သူတို့ဟာ ကျန်းကျန်းမာမာ ရှိနေကြောင်းနဲ့ မကြာခင်မှာပဲ ပြန်လွှတ်ပေးဖို့ ရှိတယ်လို့ မြို့တော်ဝန်အဖြစ် ကိုယ်တိုင်ကြေညာထားတဲ့ Vyacheslav Ponomarev ကပြောပါတယ်။

စောင့်ကြည့် လေ့လာသူတွေ ဒေသတွင်း မလာသင့်ဘူးလို့ OSCE ကို သတိပေးထားပေမယ့် သူတို့ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဒေသမှာပဲ နောက်ထပ် ၁၁ ဦးပါတဲ့ အဖွဲ့တဖွဲ့ အဖမ်းခံခဲ့ရပေမယ့် နောက်ပိုင်းမှာ ပြန်လွတ်လာခဲ့တယ်လို့လည်း OSCE အဖွဲ့က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ယူကရိန်းမှာ တင်းမာမှုလျော့ပါးလာစေဖို့နဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး မြှင့်တင်နိုင်ဖို့ အတွက် စောင့်ကြည့်လေ့လာသူ တွေကို စေလွှတ်နေတာ ဖြစ်ပါတယ်။
ယူကရိန်းသတင်း အင်္ဂလိပ်ဘာသာမူရင်း ဖတ်ရှုရန်။
XS
SM
MD
LG