နယူးယောက်မြို့မှာဖြစ်ခဲ့တဲ့ စက်တာဘာ ၁၁ ရက် တိုက်ခိုက်မှုကြီးဟာ ဒီကနေ့မှာ ၁၅ နှစ် တင်း တင်းပြည့်ပြီဖြစ်ပေမယ့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရ သူတွေကတော့ အဲဒီနေ့က အဖြစ်အပျက်ကို မမေ့နိုင်ကြသေးသလို၊ အပြစ်မဲ့တဲ့ လူသားတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်နေတဲ့ အကြမ်းဖက် မှုမျိုး မရှိသင့်တော့ဘူးလို့ သုံးသပ်ပြောဆို ကြပါတယ်။ နယူးယောက်မြို့က အထပ်ပေါင်း ၁၁၀ ရှိတဲ့World Trade Center အမွှာမျှော်စင် အဆောက်အဦကြီး လေယာဉ်နဲ့အတိုက်ခိုက် ခံရချိန်မှာ ကိုယ် တွေ့ကြုံခဲ့တဲ့ မြန်မာနိုင်ငံသားတွေက ပြောဆိုလိုက်ကြတာပါ။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
၂၀၀၁ ခုနှစ် စက်တင်ဘာ(၁၁)ရက်နေ့မနက် ၈ နာရီခွဲလောက်မှာ အယ်လ်ခိုင်းဒါး အကြမ်းဖက် သမားတွေ ပြန်ပေးဆွဲလာတဲ့ အမေရိကန် လေကြောင်းလိုင်းနဲ့ ယူနိုက်တက်အဲလိုင်း လေယာဉ်တွေက World Trade Center အမွှာမျှော်စင်အဆောက်အဦကြီးကို မိနစ်ပိုင်းပဲခြားပြီး ဝင်တိုက်ခဲ့တဲ့အတွက် လူပေါင်း သုံးထောင်နီးပါးသေဆုံးခဲ့ရပြီး၊ ခြောက်ထောင်ကျော် ဒဏ်ရာရရှိကာ၊ အဆောက်အဦနဲ့ ပိုင်ဆိုင်မှုပေါင်း အမေရိကန်ဒေါ်လာ ဆယ်ဘီလျံကျော်ဆုံးရှုံးခဲ့တာပါ။ နယူးယောက်တိုက်ခိုက်မှုအပြင် အဲဒီတရက်ထဲမှာပဲ ဝါရှင်တန်ဒီစီမှာရှိတဲ့ ပင်တဂွန် စစ်ဌာနချုပ်လည်း တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲ့ဒီအချိန်က နယူးယောက်မြို့မှာ ဆူရှီဆိုင်ပိုင်ရှင်တဦးဖြစ်သူ ဦးရွှေထွန်းကတော့ ပြိုကျသွားတဲ့ World Trade Center နားက အဆောက်အဦမှာ အလုပ်လုပ်နေသူပါ။ သူ့အတွေ့အကြုံကတော့ -
“အဲဒီနေ့မနက် ၇နာရီ ၄၅လောက်မှာ ကျနော်ဆိုင်ရောက်တယ်၊ ဆိုင်ရောက်တော့ အဲဒီ South Tower ပေါ့၊ South Tower မှာ ပထမ လေယာဉ် တိုက်လိုက်တယ်ပေါ့။ အဲဒါရပ်ကြည့်ပြီးတော့ ဆိုင်လဲဖွင့်လို့မရဘူးလေ၊ ရဲတွေက အကုန်လုံး အဲဒီနေရာ တဝိုက်မှာ တားထား တာပေါ့။ အဲဒါရပ်ကြည့်နေတုန်းပဲ နာရီဝက်လောက် အကြာမှာ ကျနော့်ခေါင်းပေါ် တည့်တည့်မှာ အဲဒီ ဒုတိယလေ ယာဉ်ကြီးက ဖြတ်လာ တယ်။ ဖြတ်လာတော့ ဘာလဲဟ .. နောက်တစင်း လာပြန်ပြီလား ဆိုပြီးတော့ နိမ့်နိမ့်လေးပဲ၊ မြောက်ဖက်မျှောင်စင် တာဝါကြီးကို တိုက်လိုက်တာ အား … ၊ ကျနော်တို့ ခေါင်းပေါ် တည့်တည့်မှာပဲ တိုက်ချသွားတာ အဲဒီတိုက်ကြီးကနေပြီးတော့ အကွဲအစတွေနဲ့၊ ကျနော်တို့ဒီတိုက်ကြီးနဲ့ကလဲ သိပ်မဝေးတော့ ကျနော်တို့ တိုက်ကြီးကလည်း လှုပ်ထွက်သွားတာပေါ့။ သိတဲ့အတိုင်းပဲ လူတွေအကုန်လုံးလည်း ပြေးဟယ် လွှားဟယ်နဲ့ ကျနော်လည်း ပြေးတယ်၊ ဘယ်ပြေးလို့ ပြေးရမှန်းမသိဘူး။ မီးခိုးလုံးကြီးတွေက လှိမ့်ဝင်တော့ တယောက်နဲ့တယောက်က ၅ ပေလောက်တောင်မှ သဲသဲကွဲကွဲ မမြင်ရဘူးပေါ့ဗျာ။ အဲဒါနဲ့ ဘယ်ဖက်ကို ပြေးရမှန်းမသိတော့ ကျနော်ကဟိုဖက် West 9 ဖက်က ဟိုင်းဝေး လမ်းမကြီးပေါ် တက်ပြေးတယ်။ တက်ပြေးတော့ ကားတွေက တစီးနဲ့တစီးတိုက်ထားတယ် ဟိုင်းဝေးမှာ။ အဲဒီမှာပဲ မြင်မကောင်းပါဘူးဗျာ အဲဒီလေယာဉ်ပေါ်က ကျတဲ့ ခြေထောက်အပိုင်းအစတွေ ဘာတွေနဲ့တွေ့တော့ .. တချို့ဆို အဲ့မှာပဲထိုင်ငိုတာ ဘယ်မှ မသွားနိုင်ဘူး”
နယူးယောက်မြို့လယ် World Trade Center နဲ့ သိပ်မဝေးလှတဲ့နေရာမှာ ဂရပ်ဖစ်ဒီဇိုင်နာ လုပ်နေတဲ့ မစ္စတာဘာမားခေါ် ကာတွန်းဝင်းထွန်း ကလည်း သူကြုံခဲ့ရတဲ့ 9/11 ဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြန်ပြောင်းပြောလာပါတယ်။
“အလုပ်မှာ မနက် ၈နာရီဆို ကျနော် အလုပ်ကိုရောက်လေ့ ရှိတယ်၊ 9/11 ဖြစ်တော့ အဲ့ဒီမှာ ပထမတစင်း အဆောက်အဦတခုကို တိုက်ပြီးတဲ့ အချိန်မှာ ကျနော်စသိလိုက်တာ။ ဒုတိယတစင်းက နောက်အဆောက်အဦ တခုကို တိုက်တဲ့အချိန်မှာ ကျနော်ကိုယ်တိုင် အဲဒီမှာတွေ့ လိုက်ရတယ်။ တာဝါကြီးလောင်နေတာကို တွေ့ခဲ့ရတာ။ ဘာလို့ဆို ကျနော်ဆင်းတဲ့ အချိန်မှာ နှစ်ခုလုံး လောင်နေပြီ၊ မပြိုသေးဘူး။ နောက် ကျနော်နဲ့ မနီးမဝေးမှာ အလုပ်လုပ်တဲ့ ဗမာမိတ်ဆွေတယောက်နဲ့ Manhattan မန်ဟက်တမ်ကျွန်းရဲ့ အထက်ဖက်ကို တက်ပြေးရတာ၊ အဲဒီက တံတားကြီး တခုကနေပြီးတော့ Queens ကို ဖြတ်ပြေးရတာ၊ အားလုံးက ခြေကျင်ပြေးရတာ။ စိတ်ထဲ ပြေးလွှားနေတဲ့အချိန်မှာ နောက်ကို လှည့်ကြည့် လှည့်ကြည့်နဲ့ မီးခိုးလုံးကြီးတွေနဲ့ .. ဘယ်ကို သွားသတိရလဲဆိုတော့ မြန်မာပြည်မှာ ရှစ်လေးလုံးတုန်းက ပြေးကြလွှားကြ ပစ်ကြ ခတ်ကြတဲ့အချိန်မှာ ကျနော်ရှိခဲ့တာကို သွားသတိရပြီးတော့ စိတ်လဲမကောင်းဘူး”
၁၅ နှစ်ကြာလာပြီဆိုပေမယ့် ကိုယ်တိုင်ကြုံခဲ့ရသူတဦးအနေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးကို အမြဲအားပေးနေကြောင်း ဦးရွှေထွန်းက ပြော ပါတယ်။
“ကိုယ်က အရင်က နယူးယောက်မှာ အခြေချမယ့်သူဆိုတော့ ငါ့စီးပွားကို ပျက်တယ်ဆိုပြီးတော့ ဒီ Terrorist အကြမ်းဖက်သမားတွေပေါ် နည်းနည်း နာကျည်းတာပေါ့ကွာ။ အဲဒီတုန်းကတော့ နှစ်ဆိုင်ရှိတော့ ကျနော့် စီးပွားရေးက ပိုအဆင်ပြေတယ် ဘာလို့ဆိုတော့ World Trade Center အပေါ်ထပ်မှာ Delivery တခုရယ်၊ အဲဒီ ၉၄ ထပ်မြောက်မှာ ကျနော် Delivery ပို့တာ .. အဲဒီဆိုင်ကတော့ လုံးဝပဲ ပါသွားတယ်။ ဒီကောင်တွေက ဒီလိုပဲ လူထုတွေရဲ့စီးပွားရေးတွေကို လိုက်ဖျက်ဆီးနေတာ။ သူတို့ကိုတော့ အမြင်မကြည်ဘူးပေါ့ဗျာ။ ဒါပေမယ့် ဒါကလဲ ကမ္ဘာနဲ့အဝှမ်း ဖြစ်နေတယ် ဆိုတော့လည်း ကိုယ့်ကံလို့ပဲ သတ်မှတ်တာပေါ့။ သို့သောလည်း အစိုးရတော့ဒီမှာ သိတဲ့အတိုင်းပဲ သူ့နည်း သူ့ဟန်နဲ့တော့ အကြမ်းဖက် တိုက်ဖျက်ရေး လုပ်နေတာပဲ၊ ကိုယ်က ခံခဲ့ရသူဆိုတော့ အားပေးပါတယ်”
တကယ်တော့ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်နေတဲ့ အကြမ်းဖက်မှုဟာ မရှိသင့်တော့ဘူးလို့ ကာတွန်းဝင်းထွန်းက သုံးသပ်ပါတယ်။
“ ၁၅နှစ်ကြာလို့ အဲဒီအကြောင်း ပြန်တွေးတဲ့အခါမှာ လောကမှာ တစုံတယောက် ပဲဖြစ်ဖြစ် အဖွဲ့အစည်းပဲဖြစ်ဖြစ် နိုင်ငံပဲဖြစ်ဖြစ် မကြေနပ်လို့ ရှိရင် တခြားဖြေရှင်းစရာ နည်းလမ်းတွေ အများကြီး ရှိလျက်နဲ့ သက်သက်မဲ့ မဆီမဆိုင် ဘာမှမပတ်သက်တဲ့ လူသားတွေကို ဖျက်ဆီးဖို့ သတ်ဖို့ဖြတ်ဖို့ ကြံတယ်ဆိုတာဟာ အတော်မကောင်းတဲ့ ကိစ္စ၊ ဒါဘယ်လိုမှ လက်ခံစရာ အကြောင်း မရှိဘူး၊ အဲဒီတော့ ဒီလိုစိတ်ကူး စိတ်သန်း နဲ့ ဒီလိုအကျင့်ဆိုးကြီးဟာ ဘယ်ကမ္ဘာမှာမှ မရှိသင့်တော့ပါဘူး၊ အကြမ်းဖက်တယ်ပဲ ပြောပြော လက်စားခြေတယ်ပဲ ပြောပြော၊ ဘာပဲဖြစ်ဖြစ် လက်ခံစရာ မရှိဘူး”
တိုက်ခိုက်ပြိုကျသွားတဲ့ နယူးယောက် World Trade Center နေရာမှာ အ ခုတော့ လေးထောင့်တွင်းသဏ္ဍန် အထိမ်းအမှတ်နေရာ တခု ပြန်လည် တည်ဆောက်ထားပြီး သေဆုံးသူတွေရဲ့ အမည်စာရင်းကို ဖေါ်ပြထားပါတယ်။