သုံးရလွယ်ကူစေသည့် Link များ

ဒီကနေ့ တနင်္ဂနွေနေ့ကတော့ အမေရိကန် ပြည်ထောင်စု စက်တင်ဘာလ ၁၁ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ၁၅နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အယ်လ်ခိုက်ဒါး အကြမ်းဖက် သမားတွေက လေယာဉ်တွေကို ပြန်ပေးဆွဲပြီး နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေး စင်တာနဲ့ ၀ါရှင်တန် ဒီစီမြို့တော်အနီးက အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်တို့ကို တိုက်ခိုက်ခဲ့တာပါ။ တတိယ လေယာဉ်ကတော့ ပင်ဆယ်ဗေးနီးယား ဆင်ခြေဖုံး အရပ်မှာ ပျက်ကျခဲ့တာပါ။ တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ရသူတွေကို အောက်မေ့ဂုဏ်ပြုမယ့် ပင်တဂွန် စစ်ဌာနချုပ်က အခမ်းအနားမှာ သမ္မတ ဘရက်ခ်အိုဘားမား တက်ရောက်ပြီး မိန့်ခွန်းမပြောခင်မှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ လေယာဉ် လေးစင်းထဲက ပထမဆုံး လေယာဉ် ကမ္ဘာ့ကုန်သွယ်ရေး စင်တာကို ၀င်တိုက်ခဲ့ချိန်ဖြစ်တဲ့ မနက် ၈ နာရီ ၄၆ မိနစ်မှာတော့ သမ္မတက အိမ်ဖြူတော်မှာ ခနတာ တိတ်ဆိတ်ပြီး အောက်မေ့ သတိယ ဂုဏ်ပြုပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေး စင်တာ တိုက်ခိုက်ခံရမှု အတွင်း သေဆုံးခဲ့ကြသူတွေ အတွက် အောက်မေ့ဖွယ် အခမ်းအနားကို နယူးယောက်မြို့မှာ အခု ကျင်းပနေပြီး ၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် ဒီမိုကရက် သမ္မတလောင်း Hillary Clinton နဲ့ ရီပတ်ပလီကန် သမ္မတလောင်း Donald Trump တို့လည်း သူတို့ရဲ့ စည်းရုံးရေးတွေကို ရပ်ဆိုင်းထားပြီး ဒီကနေ့မှာ နယူးယောက် Ground Zero မှာ သွားရောက်ပြီး အောက်မေ့ သတိယ ဂါဝရပြုကြမှာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့ တိုက်ခိုက်ခံရမှု အတွင်း သေဆုံးခဲ့ရသူ ၂၉၈၃ ဦးတို့ရဲ့ နာမည်တွေကို တေးဂီတသံ နောက်ခံနဲ့ အတူ သူတို့ရဲ့ ဆွေမျိုးတွေက ဖတ်ကြားနေကြပါတယ်။ တနင်္ဂနွေနေ့ နေ၀င်ချိန်မှာတော့ နယူးယောက်မြို့ရဲ့ ကောင်းကင်မှာ ဧရာမ မီးလုံးကြီး ၂ လုံးနဲ့ ပြိုကျခဲ့တဲ့ ကမ္ဘာ့ကုန်သွယ်ရေး ညီနောင် အဆောက်အအုံကြီးရဲ့ အထိမ်းအမှတ်အဖြစ်နဲ့ ထွန်းညှိမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ် စက်တင်ဘာလရဲ့ ရက်တရက်ဟာ ကျနော်တို့ နိုင်ငံသမိုင်းမှာ အမိုက်မှောင်ဆုံးနေ့တနေ့ ဖြစ်ခဲ့ပါတယ်လို့ အမေရိကန် သမ္မတ ဘရက်ခ်အိုဘားမားကလည်း မနေ့ စနေနေ့က အပတ်စဉ်မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

အဲဒီ စက်တင်ဘာလထဲက နေ့တနေ့မှာ အမေရိကန်နဲ့ ကမ္ဘာတလွှားက လူမှုဘ၀ ပေါင်းစုံ၊ လူမျိုးဘာသာ အသားအရောင် ကိုးကွယ်ယုံကြည်မှု ပေါင်းစုံက အပြစ်မဲ့သူ ၃၀၀၀ လောက်ရဲ့ အသက်ဆုံးရှုံးခဲ့ရပါတယ်လို့လည်း သမ္မတက ပြောဆိုခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ် အစပိုင်း ၁၉၄၁ ခုနှစ်မှာ အမေရိကန် ပုလဲဆိပ်ကမ်း ဗုံးကြဲတိုက်ခိုက်ခံရမှု နောက်ပိုင်း ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ တိုက်ခိုက်ခံရမှုက အမေရိကန် မြေပေါ်မှာ အဆိုးရွားဆုံး တိုက်ခိုက်ခံရမှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၅ နှစ် အတွင်း အများအပြားကတော့ ပြောင်းလဲသွားပါပြီ ဒါပေမယ့် အမေရိကန်တွေ အဖြစ် ကျနော်တို့ သတ်မှတ်ထားထဲ့ စံတန်ဖိုးတွေကတော့ မပြောင်းမလဲ ရှိနေတယ်ဆိုတာကို သတိရကြဖို့ အရေးကြီးပါတယ်လို့လည်း သမ္မတက ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG