သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

9/11 အမှတ်တရ အောက်မေ့ဘွယ်နေ့ အမေရိကန် ကျင်းပ


၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေး မိုးမျှော်တိုက်နှစ်လုံး တိုက်ခိုက်ခံခဲ့ရတဲ့ အထိန်းအမှတ် ၉ နှစ်ပြည့် အခမ်းအနားတွေကို ဒီကနေ့ အမေရိကန်စစ်ဌာနချုပ်မှာ ကျင်းပရာမှာ အမေရိကန် သမ္မတ ဘားရက်အိုဘားမားက ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ် နဲ့အတူ တက်ရောက်ပြီး သေဆုံးသွားသူတွေအတွက် လွမ်းသူ့ပန်းခွေ ချခဲ့ပါတယ်။

ဒုသမ္မတ ဂျိုးဘိုင်ဒန် ကလည်း နယူးယောက်မြို့က မိုးမျှော်တိုက်ကြီး နှစ်လုံးရှိခဲ့တဲ့ Ground Zero လို့ခေါ်တဲ့နေရာမှာ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေနဲ့အတူ တခြား ပုရိတ်သတ်တွေနဲ့ စုဝေးနေပါတယ်။

ပထမ ပြန်ပေးဆွဲခံလေယာဉ်တစ်စီး မိုးမျှော်တိုက်တခုကို စတင်တိုက်ခိုက်ခဲ့တဲ့ ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၆ မိနစ်မှာ အားလုံးက ငြိမ်ဝပ်စွာနေခဲ့ပြီး နောက်ထပ် ၁၇ မိနစ်အကြာ ဒုတိယ လေယာဉ်တစီး နောက်ထပ် ဝင်တိုက်ခဲ့တဲ့အချိန်နဲ့ အဲဒီတိုက်ကြီးနှစ်ခုလုံး ပြိုကျသွားတဲ့အချိန် အတိအကျမှာလည်း အားလုံးက ငြိမ်ဝပ်စွာ နေခဲ့ကြပါတယ်။

မနေ့က သမ္မတ ဘားရက်အိုဘားမားက သူ့ရဲ့ အပတ်စဉ် စနေနေ့တိုင်း အင်တာနက်ကနေ ပြောတဲ့ မိန့်ခွန်းမှာတော့ ဒီနေ့ကို နယူးယောက်မြို့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူ ၃,၀၀၀ နီးပါးကို ဂုဏ်ပြုအောက်မေ့ကြတဲ့ နိုင်ငံတော်နေ့အဖြစ် သတ်မှတ်ပြောဆိုခဲ့ပါတယ်။

ဒီနှစ်ပတ်လည်နေ့မှာ သင်ခန်းစာယူစရာတခုက အမေရိကန်နိုင်ငံဟာ ဘုံတန်ဖိုးထားမှုတွေနဲ့ စုစည်းထားတဲ့ လူတစ်စု၊ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်လို့လည်း သမ္မတ ဘားရက် အိုဘားမားက ပြောပါတယ်။ ဒီနေ့ နယူးယောက်မြို့မှာကျင်းပတဲ့ အောက်မေ့ဘွယ် အခမ်းအနားမှာ လွန်ခဲ့တဲ့ ၉ နှစ်က သေဆုံးသွားခဲ့သူပေါင်း ၂,၇၅၂ ဦးရဲ့ နံမည်တွေကို မိသားစုဝင်တွေက ဖတ်ကြမှာဖြစ်ပါတယ်။

XS
SM
MD
LG