သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေးအခြေအနေ Serge Pun ဆွေးနွေး


(ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
(ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလုပ်အကိုင် ဖန်တီးပေးဖို့ဆိုရင် အစိုးရနဲ့ စီးပွားရေး အသိုင်းအဝိုင်း အပါအဝင် အဘက်ဘက်က ပူးပေါင်း ပါဝင် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတဦးဖြစ်တဲ့ Serge Pun က ပြောကြားလိုက်ပါတယ်။

အင်္ဂါနေ့က ဝါရှင်တန် ဒီစီမြို့တော်မှာရှိတဲ့ CSIS - နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး တတ်သိပညာရှင်များအဖွဲ့ ပြုလုပ်တဲ့ ဟောပြောပွဲ အပြီး ဗွီအိုအေနဲ့ သီးသန့်ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ တွေ့ဆုံ မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

Serge Pun & Associates စီးပွားရေးလုပ်ငန်းအဖွဲ့ကြီးရဲ့ အကြီးအကဲ Serge Pun ဟာ မြန်မာနိုင်ငံမှာ အောင်မြင်နေတဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်ပါတယ်။ သူ အမေရိကန်နိုင်ငံကို ရောက်ရှိနေစဉ် ဝါရှင်တန်ဒီစီမြို့အခြေစိုက် CSIS - နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး တတ်သိပညာရှင်များအဖွဲ့က သူ့ကိုဖိတ်ကြားပြီး မြန်မာနိုင်ငံအတွင်းက စီးပွားရေးနဲ့ နိုင်ငံရေး အခြေအနေတွေအကြောင်း ဆွေးနွေးပွဲတခု ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

တိုင်းပြည်တခုရဲ့ စီးပွားရေး တိုးတက် အောင်မြင်ရေးမှာ အဓိက သော့ချက်ဖြစ်တဲ့ လူငယ်တွေကို အလုပ်အကိုင် ဖန်တီးပေးရေး အခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါ သူက - အဲဒီကိစ္စအတွက် အားလုံးက ဝိုင်းဝန်း လုပ်ဆောင်ကြရမှာ ဖြစ်တယ်လို့ အခုလို ပြောပြပါတယ်။

“အဲဒီအောင်မြင်မှုကတော့ အဘက်ဘက်ဆိုင်ရာ အကုန်လုံး ပူးပေါင်းပြီးတော့ အစိုးရဘက်ကနေ job creation ပေါ့နော် အလုပ်ဖော်ပေးတဲ့ လိုအပ်ချက်တွေအကုန်လုံး ပြည့်ပြည့်စုံစုံ အမြန်ဆုံးနည်းနဲ့ ဖော်ပေးဖို့လိုတယ်။ ဒီဘက်ကလည်း အလုပ်သမားတွေရဲ့ အရည်အသွေး၊ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အသွေးတွေ အမြန်ဆုံး မြင့်မားဖို့ လိုအပ်တယ်။ မဟုတ်လို့ရှိရင်လည်း အလုပ်ရှိပေမဲ့ လုပ်တဲ့သူမရှိတာ။ Skill Labor ပေါ့နော် မလုံလောက်တာ ဒါကလည်း ပြဿနာပဲ။ ဆိုတော့ အဲဒီဟာ ကြိုးစားရမယ်ဆိုလို့ရှိရင် အဘက်ဘက်ဆိုင်ရာ ကြိုးစားဖို့လိုတယ်။ တစ်ယောက်၊ နှစ်ယောက်နဲ့ တဘက်တည်းနဲ့လည်း ဖြစ်မှာမဟုတ်ဘူး။ ဒါပေမဲ့ investment climate ဒီ ရင်းနှီးမြှုပ်နှံမှု ရာသီဥတုတခုလုံးက ကောင်းရမယ်။ အစိုးရက မှန်ကန်ရမယ်။ ဒီဒီ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရမယ်။ အလုပ်သမားတွေကလည်း ကြိုးစားရမယ်။ အဲဒီလိုဆိုရင်တော့ ဖြစ်သွားမှာပါ။”

လူငယ်တွေအတွက် အလုပ်အကိုင် ဖန်တီးတဲ့နေရာမှာလည်း ကိုယ့်ပြည်တွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကနေ ဖန်တီးပေးနိုင်သလို နိုင်ငံခြားက တိုက်ရိုက် လာရောက် ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေကလည်း ဖန်တီးပေးနိုင်ပါတယ်။ FDI – Foreign Direct Investment လို့ခေါ်တဲ့ နိုင်ငံခြားက တိုက်ရိုက် လာရောက်ရင်းနှီးမြှုပ်တဲ့ ကုမ္ပဏီတွေ မြန်မာနိုင်ငံကို ဝင်လာနိုင်ရေးအတွက် အစိုးရက ကြိုဆိုနေသလို လက်ရှိ ဥပဒေတွေအရလည်း နိုင်ငံခြားကုမ္ပဏီတွေကို အကာကွယ် ပေးထားတာတွေ ရှိပေမဲ့ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ အဆင့်ဆင့်ကို ကျော်လွှား လုပ်ဆောင်နေရတဲ့အတွက် လိုအပ်တာထက် အချိန်ပိုကုန်တာတွေ ဖြစ်နေတယ်လို့ Serge Pun က ထောက်ပြပါတယ်။

“ပြဿနာရှိတာကိုက တစ်က capacity ပေ့ါနော် နိုင်ငံခြားကနေလာတဲ့ ကုမ္ပဏီတွေ အကယ်၍ မြန်မာပြည်မှာ တခုလုပ်ချင်လို့ရှိရင် သူတို့လုပ်ရတဲ့ ကျော်လွှားရတဲ့ တဆင့်တဆင့်တဆင့် ကျော်လွှားရတဲ့ application တွေရော၊ နားလည်မှုတွေရော တော်တော်များနေတယ်။ များတော့ အချိန်က အများကြီးလိုတယ်။ ဥပမာ - MIC ဆိုလို့ရှိရင်လည်း အင်မတန် ကြိုးစားတာ။ အစည်းအဝေးဆိုရင်လည်း တနေကုန်ပဲနော်။ နောက်ပြီးတော့ ကိစ္စတွေလည်း အများကြီးပဲ။ ဒါပေမဲ့ MIC လူ မလောက်ဘူး။ ဆိုတော့ တော်တော်များများ တာဝန်တွေပေါ့နော် ဖြစ်သာဖြစ်ပြီးတော့ အချိန်က အများကြီး ပိုလိုတယ်။”

မေး။ ။ အုပ်ချုပ်ရေးယန္တရားကြောင့်လား။ အရင်ရှိခဲ့တဲ့ ယန္တရားကြောင့်လား။

ဖြေ။ ။ “ကျနော်ထင်တာတော့ အုပ်ချုပ်ရေးယန္တရားက အဓိကပါပဲ။ MIC ကို လုံလောက်တဲ့ ဘတ်ဂျက်၊ လုံလောက်တဲ့ ဒီ capacity ပေါ့နော် human capacity, expertise capacity ဖြည့်စွက်မပေးတော့ နည်းနည်းတော့ နှောင့်နှေးမှာပေါ့နော်။”

မြန်မာနိုင်ငံက တခြား ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တွေလို သူ့အနေနဲ့ ဘာကြောင့် Crony လို့ အခေါ်မခံရသလဲလို့ ဗွီအိုအေက မေးတဲ့အခါ - သူက စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ကြီးတွေနဲ့ ရင်းနှီးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေသာ မျက်နှာသာရပြီး စီးပွားရေးလုပ်ကိုင်ခွင့် အခွင့်အလမ်းတွေ ရခဲ့ပေမဲ့ သူကတော့ သမာသမတ်ကျတဲ့နည်းနဲ့ပဲ စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့တဲ့အတွက် သူနဲ့ ခေတ်ပြိုင် စီးပွားရေးလုပ်ငန်းရှင်တွေလို Crony ဆိုတဲ့ နာမည်ဆိုးကို အတပ်မခံရတာ ဖြစ်နိုင်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၁၉၆၅ ခုနှစ် ၁၂ နှစ်သားအရွယ်က တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ထွက်ပြေးသွားခဲ့ပြီး၊ ၁၉၇၃ ခုနှစ်မှာ ဟောင်ကောင်ကျွန်းကို ထပ်မံ ပြောင်းရွေ့ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ် စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံကို ပြန်သွားပြီး စီးပွားရေး လုပ်ငန်းတွေ စတင် လုပ်ကိုင်ခဲ့တာမှာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာရှိတဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ကြီးတွေထဲမှာ တဦး အပါအဝင် ဖြစ်ပါတယ်။ Serge Pun အနေနဲ့ ရိုးမဘဏ်အပါအဝင် စီးပွားရေးလုပ်ငန်းကြီးပေါင်း (၈) ခုနဲ့ လုပ်ငန်းခွဲပေါင်း ၄၂ ခုလောက်ကို ဦးဆောင် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

Forbes အာရှ စီးပွားရေးမဂ္ဂဇင်းကြီးက ၂၀၁၃ ခုနှစ် သြဂုတ်လမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ Serge Pun ဟာ စင်္ကာပူနိုင်ငံရဲ့ အချမ်းသာဆုံး လူ ၅၀ စာရှင်းထဲမှာ အဆင့် ၃၈ ရှိတယ်လို့ ဖော်ပြထားပြီး သူ့ရဲ့ ချမ်းသာ ကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ သန်း ၅၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG