ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မက္ကဆီကို အမေရိကန်နယ်စပ်ကို အဖေဖြစ်သူနဲ့ ဖြတ်ကူးစဉ် အမေရိကန်နယ်စပ် ရဲက ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ အသက် ၇ နှစ်အရွယ် မိန်းကလေး သေဆုံးသွားတဲ့အကြောင်း ဖက်ဒရယ် လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေက အတည်ပြုလိုက်ပါတယ်။
Washington Post သတင်းစာရဲ့ ဆောင်းပါးအရ ဒီမိန်းကလေးဟာ New Mexico ပြည်နယ် Lordsburg မြို့ နားမှာ သူအဖမ်းခံရပြီး ၈ နာရီကြာတဲ့အထိ ကြောက်လန့်နေခဲ့ပြီးနောက် ရေဓာတ်ခမ်းခြောက်ပြီး သေဆုံးခဲ့ တယ်လို့ သိရပါတယ်။ ဒီမိန်းကလေးက ဂွာတီမာလာနိုင်ငံကနေလာတဲ့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ အဖမ်းခံခဲ့ရ တဲ့ လူ ၁၆၃ ယောက်ပါတဲ့ နယ်စပ်ဖြတ်ကျော်လာသူတွေထဲက တယောက်ဖြစ်ပါတယ်။
နယ်စပ်လုံခြုံရေးစခန်းမှာ ဖမ်းထားစဉ် ဒီမိန်းကလေးက မကြာခဏ တက်တတ်တယ်လို့ အမေရိကန်အမိမြေ လုံခြုံရေး DHS က ပြောပါတယ်။ သူ့မှာ အဖျား ၁၀၅.၈ ထိ ရှိတဲ့အကြောင်း ဆေးဖက်ဆိုင်ရာ တာဝန်ရှိသူတွေ က ပြောပါတယ်။ Texas ပြည်နယ် El Paso မြို့ကနေ လူနာတင်ရဟတ်ယာဉ်နဲ့ သူ့ကို ဆေးရုံရှိရာ ခေါ်သွားပေမယ့် ၂၄ နာရီတွင်း နှလုံးရပ်ပြီး သေဆုံးသွားခဲ့ရပါတယ်။
သေဆုံးရတဲ့အကြောင်းအရင်းအတိအကျကို DHS က အတည်မပြုသေးပေမယ့် နောက်ရက်သတ္တပတ်တွေ အတွင်း ရင်ခွဲစစ်ဆေးပြီးရင်တော့ သိရမယ်လို့ ဆိုပါတယ်။ လတ်တလောမှာတော့ ဆီလျော်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ရဲ့လားဆိုပြီး စုံစမ်းစစ်ဆေးနေကြောင်း လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေက ဆိုပါတယ်။